ဟံသာဝတီပြည့်ရှင်မင်းကြီးကြားရသည့် သတင်းသည်ကား
သီရိနန္ဒာဒေဝီသည် သူတို့တိုင်းထဲဒဏ်ရာဖြင့် ရောက်လာပြီး သမီးတော်၏နန်းဆောင်တွင် မေ့လဲသွားသည်ဟူသော သတင်း။ သမီးတော်ကသူ့၏နန်းဆောင်တွင်ပဲ ထားမည်ဟူ၍ တစ်ချက်လွှတ်အမိန့် ထုတ်ပြန်သည်ဟူသောသတင်း စသဖြင့်။
ပို၍ထူးဆန်းသည့်သတင်းက သမီးတော်နှင့်ကေတုမတီတပ်မှုးချုပ်သည် မိတ်ဆွေတွေဟူသော အချက်။ ဘယ်အချိန်ဘယ်လိုဆုံပြီး မိတ်ဆွေဖြစ်သွားလဲဆိုတာ နားမလည်နိုင်။စံထိပ်ထားက သူ့မျက်စိရှေ့မှာပဲ တစ်ချိန်လုံးရှိနေတဲ့ကလေးမလား။
“သီဟရေ..”
“ဘုရား...”
“သူသတိရလာလျှင် ငါကိုယ်တော်တွေ့ချင်တယ်။”
“မှန်လှပါ မင်းကြီး...”
တပ်မှုးသီဟထွက်သွားသည့်တိုင် မင်းကြီးသည် တွေးတောဆဲ။ ကေတုမတီတိုင်းအပေါ် သူ့ဘက်မှအမုန်းတရားမရှိ။ သို့ပေမဲ့ တစ်ဖက်ဘုရင်သည် သူ့ကိုအငြိုးထားခဲ့ဖူးသည်။ ပြေလည်သွားကြသည်မှာလည်းမကြာသေး။ဒါကြောင့်အရာရာကိုသတိထားနေရသည်။
သက်ပြင်းမောကိုချနေစဉ် အနားရောက်လာသူက မိဖုရားခေါင်ကြီး...
“မောင်တော်...သက်ပြင်းမောတွေလည်းချလိုက်တာ။ ရွှေစိတ်တော်ညှိုးနေတာလား။ နှမတော်ကိုပြောလို့ရမဲ့ကိစ္စဆိုလည်း ပြောပြတိုင်ပင်ပါ”
အိမ်ရှေ့စံမင်းသားဘဝကတည်းက ချစ်ခဲ့ရသူကြင်သူသက်ထား သူ့မျက်နှာကိုမှန်လို အရိပ်တကြည့်ကြည့်ရှိလှသော မဟေသီ။
ဟံသာဝတီမင်းကြီးနွေးထွေးစွာပြုံးလိုက်ပြီး.....
“ကေတုမတီတပ်မှုးချုပ် ဗြုန်းဆိုရောက်လာတဲ့ကိစ္စပါနှမတော်ရယ်။ မောင်တော်စိတ်ထဲထင့်နေတာမို့။”
“သြော် မောင်တော်ဘုရားရယ်...။ အဲ့ကိစ္စဆို မပူပန်လည်းဖြစ်ပါတယ်။ နှမတော် သမီးတော်လေးနန်းဆောင်ကိုရောက်ခဲ့ပြီ....သမီးတော်ရဲ့မိတ်ဆွေတဲ့။ ကေတုမတီအိမ်ရှေ့စံစေ့စပ်ပွဲတုန်းက ခင်မင်လာကြတာတဲ့။ ခမည်းတော်ကိုမစိုးရိမ်ဖို့ လျှောက်ခိုင်းလိုက်တယ်။”
မင်းကြီးလက်ကိုကိုင်ကာပြောနေသာ မိဖုရားကြီးရဲ့ချိုမျှမျှအသံက သောကအပူများကူငြိမ်းပေးနေသလို။ သူမအနေနဲ့ သူ့မောင်တော်ဘုရား စိတ်ညစ်မဲ့ကိစ္စ သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ ကူဖြေရှင်းပေးချင်တာမလား...
“အဲ့ဆိုတော့လည်း စိတ်အေးရပေမပေါ့။”
“မြှားဆိပ်ကြောင့် အရမ်းဖျားနေတာဆိုတော့ မောင်တော်သက်သာမှပဲ ခေါ်တွေ့လိုက်ပါလား...ကလေးမလေးက တော်တော်အားနည်းနေသေးတာကြောင့်”
မိဖုရားခေါင်ကြီး သူ၏သမီးနန်းဆောင်က ဖြူဖျော့ဖျော့မျက်နှာပိုင်ရှင်ကို ပြန်တွေးလိုက်ရင်းပြောလိုက်တယ်။
“ဟုတ်ပြီ...မောင်တော်အဲ့လိုပဲ စီစဉ်လိုက်တော့မယ်။ သီဟကိုအမိန့်တော်ပြင်ဆင်ကြောင်း ပြောလိုက်မယ် “
“မောင်တော် လသာဆောင်မှာထိုင်နေတာလည်းကြာပြီ။ ဝတ်ရုံတော်ကလည်းပါးကပါးနဲ့....နန်းဆောင်ထဲပြန်ဝင်ရအောင်လေ...”
ဂရုစိုက်လွန်းသူမိဖုရားစကားကြောင့် မင်းကြီးခေါင်းအသာဆတ်ပြရင်း ထိုင်ရာမှထကာ နန်းဆောင်ထဲသို့ပြန်ဝင်လာခဲ့တော့သည်။
__________🪔ထိပ်ထား🪔__________
“အ ကျွတ်စ် ကျွတ်စ်...”
ကြားလိုက်ရသောညည်းညူသံကြောင့် ထိပ်ထားရဲ့ပန်းထိုးနေတဲ့လက်ကလေးဟာ ရပ်တန့်သွားရသလို မျက်ဝန်းအစုံကလည်း သလွန်ပေါ်ဆီသို့....
“အို သတိရပြီလား....ဇွတ်မထနဲ့လေ..”
အိပ်နေရာမှထလာသော ကေတုမတီတပ်မှုးချုပ်အနားသို့ အလျင်သွားကာ ပုခုံးကိုအသာအယာဖိချလိုက်ရင်း ပြန်လှဲစေလိုက်၏။
“ ထိပ် ထား...”
“အရမ်းနာနေသေးလား တပ်မှုးချုပ်...ထိပ်ထား သမားတော်ခေါ်လိုက်မယ်...။ ဒေါ်....”
လက်ဖဝါးကိုခပ်ဖွဖွဖိညှစ်ခံလိုက်ရတဲ့ အထိအတွေ့ကြောင့် ခေါ်သံဟာတစ်ဝက်တပျက်နဲ့ ရပ်သွားရတယ်။
“မခေါ်စေချင်ဘူးလား...ခေါင်းမာတယ်တပ်မှုးချုပ်က။ ဒီလိုဆိုဘယ်သက်သာပါ့မလဲ။ ဟိုနေ့ကလည်းဒဏ်ရာကြီးနဲ့ကို စကားတွေအများကြီးပြောနေသေးတယ်။ သွေးအရမ်းမလွန်သွားတာတော်သေးတာပေါ့..”
တတွတ်တွတ်ပြောနေတဲ့ ဟံသာဝတီမင်းသမီးကို သလွန်ပေါ်ကနေ သီရိကြည့်နေမိတယ်။ တွန့်တွန့်ချိုးသွားတဲ့မျက်ခုံးနှင့်အတူ တဖြတ်ဖြတ်ခတ်နေသောမျက်တောင်လေးတွေ စကားလုံးများတရားစပ်ချွေနေသာ နှုတ်ခမ်းပါး..။ လက်မောင်းကနာကျင်မှုကိုပင် ဂရုမထားမိသည့်အထိ။ သူဟာ ဘယ်နှစ်ကြိမ်အထိ အတင့်ရဲစွာ ဒီမင်းသမီးလေးမျက်နှာကိုကြည့်မိပြီလဲ။ အသိကပ်စွာ မျက်လွှာကိုပြန်ချရသည်။
“ထိပ်ထား...”
“ပြောပါ တပ်မှုးချုပ်”
“ဒီမှာ တစ်ရက်နှစ်ရက်လောက် နေလို့ရအုန်းမလားဟင်”
“အို နေရမှာပေါ့။ ဒီကတပ်မှုးချုပ်သတိရတာနဲ့ တမ်းပြန်ရင်တောင် တားဖို့တွေးထားတာ။ ဒဏ်ရာကြီးနဲ့မလား။ လှုပ်လှုပ်ရှားရှားတွေမလုပ်ဖို့ သမားတော်ကြီးကမှာထားသေးတယ်..”
ပြောလည်းပြော ဒဏ်ရာကိုလည်းပူပန်သလို ကြည့်နေသူလေးကြောင့် မြှားဒဏ်ရာကိုပင် ကျေးဇူးတင်သလိုဖြစ်လာရသည်။
“ဆေးကတော့ပုံမှန်သိပ်ရမယ်။ တပ်မှုးချုပ်ဒီကမပြန်ခင်အထိတော့ ထိပ်ထားသိပ်ပေးပါ့မယ်။”
ဆေးသိပ်ပေးအုန်းမည်တဲ့။ ရင်ထဲသဘောကျစိတ်များ လျှံတက်လျှက်။
“တပ်မှူးချုပ်......တပ်မှုးချုပ်....”
“ဟမ် ....အော်....အင်း ထိပ်ထား...”
“ဘာမှလည်းပြန်မပြောလို့....မျက်လုံးဖွင့်ရက်ကြီး သတိမေ့သွားတယ်ထင်လို့ လန့်သွားတာပဲ”
သွားတန်းဖြူဖြူလေးများပေါ်သည့်အထိ သီရိပြုံးပြလိုက်ရင်း..
“ထိပ်ထားကဂရုစိုက်တော့ ၀မ်းမြောက်မိလို့ပါ”
ခဏအတွင်းပင် တရှိန်ထိုး ထိုးတက်သွားသော သူတို့၏ခင်မင်မှုကို ထိပ်ထားကိုယ်တိုင်လည်း အံ့သြရသည်။ တကယ်ဆိုသိပ်မကြာသေးတဲ့ အခြေနေတစ်ခု။ ဒါပေသည့် ထိပ်ထားကိုယ်တိုင်ကလည်းသေသေချာချာ ဂရုစိုက်ပေးလိုစိတ်ရှိ၍....ခင်မင်နှစ်လိုဖွယ်ကောင်းသည့် သူမ၏ဟန်ပန်ကြောင့် ဖြစ်ပေလိမ့်မည်။ ထိုအထဲ အဓိပ္ပါယ်ဖော်ရခက်သည့် စူးရှရှမျက်လုံးများတော့မပါ။
“သတိရလာရင် ဆေးထပ်သိပ်ရမယ်လို့ပြောတယ်။ လာ ပတ်တီးဖြေမယ်....ထိပ်ထားဆေးသိပ်ပေးမှာမို့”
“မင်းသမီးရဲ့ အမိန့်တော်မြတ်အတိုင်းပါ...”
အရွှန်းဖောက်ဖြေကြားလိုက်တဲ့ သူ့အသံကြောင့် ထိပ်ထားတဖက်လှည့်ပြုံးလိုက်ရင်း ဆေးယူရန်ထလိုက်ပါတော့တယ်..။
__________🪔ထိပ်ထား🪔__________
ဟံသာဝတီတွင် နှစ်ရက်မြောက်သောနေ့ ။ ကေတုမတီတပ်မှုးချုပ်သည်ဒဏ်ရာ အရှင်းမပျောက်သေးသော်ငြား အနည်းငယ်ထူထောင်နေချေပြီ။
ဟံသာဝတီမင်းကြီးကလည်း သူ့အပေါ်ကြည်ကြည်သာသာ။ အဘယ့်ကြောင့်ဆိုသော် ကေတုမတီကကျေးဇူးတင်သဝဏ်လွှာ ပို့လိုက်၍။ ဒဏ်ရာရထားသော တပ်မှုးချုပ်ကိုစောင့်ရှောက်ပေးထား၍ ကျေးဇူးတင်သည့်အကြောင်း စာနှင့်တကွ လက်ဆောင်ပဏ္ဏာများလည်းပါသေးသည်။
ဟံသာဝတီမင်းကြီးသည်လည်း သီရိနန္ဒာဒေဝီကို ဒဏ်ရာအရှင်းပျောက်မှ ပြန်ရန် အေးအေးဆေးဆေးအနားယူရန် မိန့်ထားသေး၏။ ထို့ကြောင့် ကျွန်ုပ်တို့၏ တပ်မှုးချုပ်သည် ဝမ်းသာပီတိဂွမ်းဆီထိ၍နေလေ၏။
ယခုလည်း စံပယ်ပန်းရုံရှေ့တွင် တောင်မြောက်လျှောက်လျှက် တစ်စုံတစ်ဦးကို စောင့်မျှော်နေသည့်ဟန် တက်ကြွသောသွင်ပြင်ကလည်းထင်းလျှက်....
တက်ကြွဆို ယနေ့ထိပ်ထားနှင့်သူ မြို့တွင်းသို့ခိုးထွက်ရန် စီစဉ်ထား၍။ အမှန်ဆို ဒါကထိပ်ထားအကြံအစည်။ ဟံသာဝတီမြို့တွင်းအလည်လိုက်ပြချင်သည်တဲ့။ သို့ပေမဲ့ ဘုရင့်သမီးတော်ဆိုသော ဂုဏ်ပုဒ်နှင့် ရဲမတ်ဗိုလ်ပါများ ခြံရံကာ မြို့တွင်းသို့မထွက်လို။ ဒါ့ကြောင့် သာမာန်အရပ်သားလိုခိုးထွက်ရန် စီစဉ်ထား၏။
ခေတ္တကြာပြီးချိန်တွင်တော့ သာမာန်အဝတ်အစားများဝတ်ကာ ထွက်လာသူလေးတစ်ဦး..
“ထိပ်ထား...”
ဝင်းပပြီးကျက်သရေရှိသော မျက်နှာလေးကတော့ သာမာန်လေးဝတ်ထားသည့်တိုင် မှိန်မသွား။
“ရှုး....တပ်မှုးချုပ်နဲ့တော့ခက်တာပဲ။ စံပယ်ရုံရှေ့ထွက်စောင့်နေရလားလို့....။ နန်းဆောင်ထဲကနေတူတူထွက်ပါမယ်ဆို။ မတော်နန်းတွင်းသူတွေ မြင်သွားမှ။ တစ်ခါမှခိုးလုပ်ဖူးတဲ့ပုံလည်းမပေါ်ပါဘူး...”
ပြောပြောဆိုဆိုဖြင့် သီရိလက်ကိုဆွဲကာ ကုတ်ချောင်းကုတ်ချောင်း သွားလေသောသူမ။ တကယ်လည်း သီရိဘဝတွင် ခမည်းတော်မသိအောင် ခိုးလုပ်ခဲ့တာမရှိ။ ယခုတော့ သူပါတောင်ကြည့်မြောက်ကြည့်ဖြင့် ဖြစ်နေလေပြီ။
မြင်းဇောင်းရောက်တော့....
“ဟယ် လှည်းကဘယ်ရောက်သွားပါလိမ့်...မြင်းထိန်းဦးပိန်ကော..”
မြင်းဇောင်းတွင်သူမစီးနေကျ မြင်းလှည်းမရှိတော့ပဲ မြင်းကြီးတစ်ကောင်သာ ကောက်ရိုးစားလျှက်....
“သွားပြီ။ မြင်းလှည်းမရှိမှ ဘာနဲ့ထွက်ရမလဲ။”
စိတ်ပျက်သွားတဲ့မျက်နှာလေးကြောင့် သီရိစိတ်ထဲမကောင်း။ သူ့ဆန္ဒတွေကိုဖြည့်ဆည်းပေးလိုစိတ်ပေါ်လာရသည်။
“ဒီမှာ မြင်းရှိတာပဲ...။ မြင်းနဲ့သွားမှာပေါ့”
“ထိပ်ထားမှ မြင်မစီးတက်...ဟင် တပ်မှုးချုပ်စီးမလို့လား။ မဖြစ်ဘူးနော် လက်ကဒဏ်ရာနဲ့...နောက်နေ့မှပဲထွက်ရအောင်ပါ”
သီရီမြင်းကိုကြိုးသွားဖြုတ်လိုက်ပြီး မြင်းပေါ်လွှားခနဲ့ခုန်တက်လိုက်သည် ...မြင်းသည်မြင်းယဉ်မို့ ဘာပြဿနာမှမရှိ။ ထိပ်ထားကတော့ မျက်လုံးပြူးကာ ပါးစပ်ဟလျှက်...။
“ဒဏ်ရာရတာ ဘယ်ဘက်ပါ။ ညာလက်ကတော့ ဇက်ကြိုးဆွဲနိုင်ပါသေးတယ်။ လာ ထိပ်ထား...”
ကမ်းပေးလာသော လက်ကို ထိပ်ထားပြူးကြည့်မိသည်။ အဘယ်သို့တက်ရမည်ဟူ၍။ လှည်းမပါပဲ မြင်းချည်းသက်သက်စီးမှာ ဒါပထမဆုံး။ ပြီးတော့ ဝတ်ထားသည်ကလည်း တပ်မှုးချုပ်လို မြင်းစီး၍ရသော ဝတ်စုံမဟုတ် ...
“ဘယ်လို တက်ပြီး ဘယ်မှာထိုင်ရမှာလဲ”
သီရိသူ့ရှေ့ကနေရာကို ပုတ်ပြလိုက်ရင်း....
“ဒီမှာထိုင်လေ.....ဘေးစောင်းထိုင်လို့ရပါတယ်။ ကျွန်ုပ်ထိန်းထားပေးမှာပေါ့။ အမြန်မမောင်းပါဘူး။ ဒီလိုလုပ် ထိပ်ထားကမြင်းကို ကျောပေးရပ်လိုက် ခြေနင်းကို နောက်ပြန်အားထည့်ပြီးတက်လိုက် အကျွန်ုပ်ကခါးကနေပွေ့လိုက်မယ်။ နည်းနည်းမြင့်တဲ့ခုံတစ်ခုံကို ထိုင်သလိုပေါ့”
“ရပါ့မလား။ လက်ကတစ်ဖက်နဲ့...”
“အကျွန်ုပ်ချည်းပဲတော့ ဘယ်ရမလဲ။ ထိပ်ထားနည်းနည်းအားထည့်တက်ရင်တော့ နိုင်မှာပါ။ လုပ်ကြည့်”
ထိပ်ထားသူပြောသလို အားထည့်လုပ်ကြည့်လိုက်သည် ...လန့်ပေသော်ငြား ခါးတွင်ရစ်ပတ်လာသော လက်တစ်ဖက်နှင့်အတူ မြင်းပေါ်ရောက်သွားကြောင်း သတိထားမိသွား၏။
“ဟူး....ရပြီ”
“လှေအဆင်း မြင်းအတက်တဲ့ ထိပ်ထားရဲ့။ ဒါကံကောင်းတာ။ မဟုတ်ရင်ထိပ်ထားကော ကျွန်ုပ်ရောအကျပဲ။ ထိပ်ထားကပေါ့တာလည်းပါတာပေါ့။”
ရုတ်တရက် နားနားကကြားလိုက်ရတဲ့အသံကြောင့် လန့်ပြီးမော့ကြည့်လိုက်တော့ နီးကပ်နေသော မျက်နှာ။ ခုနကကိုယ့်အလန့်နှင့်ကိုယ် သတိမထားမိပေမဲ့ ယခုမြင်းပေါ်တွင် အသားစိုင်ခြင်းနီးကပ်လျှက်။ ပြောရလျှင် တပ်မှုးချုပ်ရင်ခွင်ထဲစုံးစုံးမြှုတ်နေသည်မလား....ဝင်သက်ထွက်သက် နွေးနွေးကနားရွက်ဖြားကိုလာရိုက်ခတ်လျှက်
“အမေ့....”
မြင်းစထွက်တော့ ရုတ်တရပ်မို့ ကြောက်လန့်တကြား တပ်မှုးချုပ်အင်္ကျီစကို ဆွဲထားမိသည်။ တပ်မှုးချုပ်ကတော့ မြင်းဇက်ကြိုးကိုသာ အာရုံစိုက်ကိုင်ထားလျှက်....
“လမ်းပြောအုန်းလေ...”
“တောင်စူးစူးကိုသာ နှင်လိုက်...အဲမှာထွက်ပေါက်ရှိတယ်..”
ဘာတွေယုံကြည်ပြီး ထိပ်ထားပြောမိသည်မသိ။ မသိစိတ်ထဲက အကြွင်းမဲ့ယုံနေမိသည်။ တပ်မှုးချုပ်က သူတို့ကိုရန်မပြုဘူးဆိုတာ။
ထိပ်ထားပြောသလို သီရိ တောင်စူးစူးကိုပဲ မြင်းကိုစီးလာလိုက်သည်။ ကွမ်းတစ်ယာညှက်လောက်အကြာမှာတော့ ထွက်ပေါက်တစ်ခု....
“ကဲ သွားကြမယ် တပ်မှုးချုပ်။ ဦးညိုထန်းတောကို အရင်လိုက်ပြမယ်။ သိပ်သာယာတာ ထန်းရေချိုချိုလေးဆို ရင်ထဲမြသွားတာပဲ။ ထိပ်ထားလမ်းပြမယ်”
“ကောင်းပါပြီ...”
မြင်းကို ဒုန်းမစိုင်းစေပဲ ပုံမှန်လေးသာ သီရိမောင်းလာခဲ့သည်။ကုန်းရိုးတစ်လျှောက်မောင်းလာသောကြောင့် ဘေးကလယ်ကွင်းများကိုငေးရင်း တိတ်ဆိပ်စွာပင်....
အနည်းငယ်ကြာတော့
“ထိပ်ထား...”
“ခါးမတောင့်ဘူးလား..”
“အင်း နည်းနည်းတောင့်တယ်”
“ကျွန်ုပ်ကိုမှီလိုက်ပါလား...သက်သာအောင်။ စီးစမရှိတာမို့ ခါးနာမှာစိုးတာကြောင့်ပါ”
ရင်ခွင်ထဲစုန်းစုန်းမြှုတ်နေပါသည်ဆိုမှ ထပ်၍မှီလျှင် ချစ်သူကိုချွဲနွဲ့ပြီးမြင်းစီးနေသော မိန်းကလေးနှင့်တူနေပေလိမ့်မည်။ နဂိုကမှ နားသယ်စကိုလာရိုက်နေသော အသက်ရှုသံနွေးနွေးကြောင့် မသက်မသာဖြစ်နေတာမလား...
“ရပါတယ် တပ်မှုးချုပ်ကဒဏ်ရာကြီးနဲ့ကို”
“မှီပါဆို။ တကယ်ခါးနာမှာစိုးလို့”
ဇက်ကြိုးကိုလက်တစ်ဖက်ကလွှတ်ကာ သူမကိုဆွဲမှီစေလိုက်သောကြောင့် ထိပ်ထားအသံတိတ်သွားရသည်။ သူ့ကြည့်ရတာ ဟံသာဝတီမင်းသမီးတွေဘာတွေဆိုတာကို မေ့နေသည့်ပုံ။
“ရောက်တော့မှာထင်တယ်...ထန်းပင်လေးတွေ စမြင်နေရပြီ။”
“အင်းနည်းနည်းဆက်ဝင်ရအုန်းမယ်။”
ခေတ္တမျှဆက်သွားပြီးချိန်မှာတော့ ထန်းလှီးဓားကိုခါးမှချိတ် သျှောင်တပတ်လျိုထုံးထားကာ ထန်းရေအိုးများသယ်ထားသောလူကြီး တစ်ဦးက ထိပ်ထားတို့မြင်းကို လှမ်းကြည့်ကာ .....
“သခင်မလေး....သခင်မလေး မဟုတ်လားဟင်”
“ဦးညို...”
“မလာတာလည်းကြာပေါ့ သခင်မလေးရယ်။"
“တပ်မှုးချုပ်ရောက်ပြီ။ ဆင်းရအောင်...ဦးညိုရဲ့ထန်းညှက်ချိုချိုလေးနဲ့ ရေနွေးခါးခါးလေးကို သတိရလို့လာတာ”
မြင်းပေါ်ကအဆင်းမှာတော့ ထိပ်ထားကောသီရိပါ ချောချောမွေ့မွေ့.....
“မယ်သူဇာတောင် ဟိုတရက်ကပြောနေသေး။ သခင်မလေးကို သတိရကြောင်း။ တဲဆီကိုသာ သွားနှင့်လိုက်ပါ မယ်သူဇာရှိတယ်။ ကျွန်တော်ကဒါလေးတွေ လက်စသတ်လိုက်အုန်းမယ်”
“ရတယ်ဦးညိုလုပ်လုပ်....”
ညိုပြောင်သောအသားအရည်နှင့် ထန်းရည်အိုးများဆွဲကာ ထွက်သွားသောလူကြီးကို သီရိကြည့်နေမိသည်။ အဘယ့်ကြောင့်ထိပ်ထားလို ရွှေမင်းသမီးနှင့် ရင်းနှီးရသလဲဆိုတာလည်း တွေးမရ...
သူ၏အတွေးများကိုထိပ်ထားကကြားနေသလိုဖြင့်…
“သူကထိပ်ထားကို မင်းသမီးမှန်းမသိဘူး။ သာမာန်သူဋ္ဌေးသမီးလို့ပဲသိတာ တပ်မှုးချုပ်ရဲ့။ သူတို့လင်မယားနှစ်ယောက်ကသိပ်ဖြူစင်တာ။ ထန်းရေ ထန်းညှက် ထန်းပင်ထွက်ပစ္စည်းတွေနဲ့ အသက်မွေးကြတာလေ....သြော်ပြီးတော့ အခုမြို့တွင်းမှာဆိုတော့ တပ်မှူးချုပ်ကို သီရိလို့ခေါ်မယ်နော်။ ကျွန်ုပ်တို့က သာမာန်လူတန်းစားအနေနဲ့လာတာမလား”
“ရပါတယ်ထိပ်ထားရဲ့..”
ထန်းလက်များမိုးထားသောတဲလေးတစ်လုံးရှေ့အရောက်...
“သခင်မလေး....အို ဧည့်သည်ကောပါတာကိုး။ ထိုင်ပါရှင်။”
အနည်းငယ်ဝဖိုင့်သော ခန္ဓာကိုယ်နှင့်မိန်းမကြီးတစ်ဦး မီးပြင်းပြင်းဖိုထားသောမီးဖိုရှေ့တွင် တစ်စုံတစ်ရာကို မွှေနေရာမှထကာ ဧည့်ခံလေ၏။
“ကြီးသူဇာကလည်း ဖြေးဖြေးထပါ။ ထန်းလျက်အိုးကြီးမှောက်သွားပါအုန်းမယ်”
“ဝမ်းသာလို့ပါသခင်မလေးရယ်။ ခုရက်ပိုင်းသတိရနေတာ ကိုရင်ညို့သာမေးကြည့်။ ရေနွေးအခါးနဲ့ထန်းလျက်ပြင်ပေးမယ်။ ပင်ကျရေလေးလည်းရှိတယ်...ခဏစောင့်”
ဝဖိုင့်သောခန္ဓာကိုယ်နှင့်မလိုက် သွက်လက်နေသောအမျိုးသမီးကြီးကို သီရိအံ့သြစွာငေးကြည့်နေမိသည်။
“ကဲ....ဒီမှာ. ဒါလေးကဟိုတလောကမှချက်ထားတဲ့ ထန်းလျက်လေး။ ဒါလေးကရေနွေးအခါး။ ဒါကပင်ကျရေလေး။ ဧည့်သည်လေးသောက်နော် ဒါအချို။ မမူးဘူးကွဲ့...”
“ရှင် ...ဟုတ် ဟုတ် ကဲ့”
အနည်းငယ်အူလည်လည်ဖြစ်နေသော တပ်မှုးချုပ်ကိုကြည့်ကာ ထိပ်ထားပြုံးမိသည်။ ကြည့်ရတာထန်းရေချိုလည်း သောက်ဖူးပုံမရ...
“သောက်ကြည့်ပါသီရိရဲ့...ကောင်းတယ်...”
“သခင်မလေးမိတ်ဆွေလား....လှလိုက်တာတော်။ ကြီးသူဇာဖြင့်ခုနက နတ်သမီးလေးနှစ်ပါး တဲထဲကြွလာတယ်ထင်နေတာ”
“ကြီးသူဇာတို့ကတော့လုပ်ပြီ...”
ချွေးတွေကလည်းတရွှဲရွဲ သူတို့ကိုစကားပြောလိုက် ထန်းညှက်အိုးကို ပြေးမွှေလိုက်လုပ်နေသာ အဆိုပါအမျိုးသမီးကြီးသည် မောပုံလည်းမရ။ ပဲလှော်များသုပ်ကာ အတင်းချကျွေးသေး၏။ အတော်စေတနာကောင်း၍ ဖော်ရွေသော ဟံသာဝတီသူကြီးဟု သီရိမှတ်ချက်ချမိသည်။
“ကိုရင်ညိုလာပြီ.....အယ် ငှက်ထောင်တာမိလာတယ်ထင်တယ်။ သခင်မလေးနဲ့ကံစပ်တာပဲ။ ဂျိုးကြော်ကျွတ်ကျွတ်လေးစားပြီးမှပြန်...ကိုရင်ညိုမြန်မြန်လာတော့။ တော့်ဟာက နှေးတာတော်”
“လာပါပြီ မယ်သူဇာရ။"
ထန်းသမားလင်မယားနှစ်ယောက် အလုပ်ရှုပ်နေချိန်မှာတော့ ထိပ်ထားကောသီရိပါ ငြိမ်သက်လျှက်သဘာဝတရားကြီးကို ခံစားကြသည်။
ထန်းပင်တန်းကိုဖြတ်၍တိုက်ခတ်လာသော လေအေးအေးကလည်းတဖြူးဖြူး။ ချိုမြသော ထန်းရေချိုချိုကလည်းလျှာတွင် စွဲလျှက်။ တကယ့်ကိုအေးချမ်းလွန်းသည့် သဘာဝအလှအပများကို သီရိသေသေချာချာ ခံစားနေမိသည်။ နွေဝင်ကာစမို့ ဥသြငှက်၏တွန်ကျုးသံကိုလည်း ကြားရသေး၏။ ဤမျှသာယာ၍ပြီးပြည့်စုံသောအခြေနေကို ပို၍ပြီးပြည့်စုံစေတာကတော့ ထိပ်ထားအနားမှာရှိနေခြင်းဟု ကောက်ချက်ချနေမိသေးသည်။
“ဒဏ်ရာက မြင်းမောင်းနိုင်သေးလား တပ်မှုးချုပ်”
“ရပါတယ်ထိပ်ထားရဲ့....”
“ဒါဆိုထိပ်ထားတို့သွားရအောင်။ တပ်မှူးချုပ်ကို အိုးလုပ်ကုန်းတို့ ရက်ကန်းစင်တို့ ကျောက်မျက်တန်းတို့လည်းပြချင်သေးတယ်။ “
“သွားတာပေါ့အဲဆိုလည်း”
“ဦးညိုရေ ညနေစောင်းမှဝင်ခဲ့တော့မယ်။ အခုသွားစရာနေရာလေးတွေရှိသေးလို့။”
ပြောလည်းပြော အိတ်ကလေးတစ်လုံးကို အတင်းထိုးပေးတော့ထန်းသမားကြီးက ငြင်းသည်။
“ယူပါဦးညိုရဲ့။ ထိပ်ထားစေတနာပါ။ အဲ့အစားအပြန်ညနေစာဝင်စားမယ်လေနော်”
“ကောင်းကောင်းချက်ထားပါ့မယ် သခင်မလေးရယ်။ ဒီကသခင်မလေးအကြိုက်ရှိရင်လည်းပြောလေ”
သီရိကိုလှမ်းမေးလေတော့...
“ရပါတယ်...ကျွန်ုပ်ကဘာပဲဖြစ်ဖြစ်”
“သွားပြီနော်....ကြီးသူဇာ....”
“ဖြေးဖြေးသခင်မလေးတို့ရေ....အပြန်မယ်သူဇာ့လက်ရာလေး ဝင်စားဖို့မမေ့သွားနဲ့အုန်းနော်.”
ထိပ်ထားတို့နှုတ်ဆက်ပြီး မြင်းဆီပြန်လာခဲ့ကြသည်။
မြင်းဆီရောက်တော့ သီရိအရင်မြင်းပေါ်တက်လိုက်ရင်း လက်ကမ်းပေးလိုက်ကာ...
“ကဲ ထိပ်ထား မနက်ကလိုပဲတက်မယ်နော်။ ရတယ်မလား”
ထိပ်ထားခေါင်းငြိမ့်ပြလိုက်ရင်းတက်တော့ သီရိမှ ထုံးစံအတိုင်းခါးမှထိန်းကာ မြင်းပေါ်သို့ရောက်အောင် ကူပေးလိုက်၏။
“ကဲ မြို့ထဲသွားကြတာပေါ့ ။ ထိပ်ထားပို့ချင်တဲ့နေရာတွေအများကြီးရှိသေးတယ်။ မြို့ထဲရောက်ဖို့ကနည်းနည်းလိုသေးတော့ ထိပ်ထားနည်းနည်းမှီလိုက်မယ်နော်။ တပ်မှုးချုပ်ပြောသလိုပဲ စီးစမရှိတော့ ခါးအောင့်လာသလိုဖြစ်လာတာမို့”
“မှီပါထိပ်ထားရဲ့ရပါတယ်။ အခု ဒီတည့်တည့်ပဲဆက်ရုံမလား”
“အင်း ဟုတ်တယ်။”
ဒီလိုနဲ့ထန်းတောလေးကို ကျောခိုင်းလာသော မြင်းလေးတစ်စီး။ ထိုမြင်းပေါ်တွင်တော့ ရွှေဧည့်သည်နှင့် ဧည့်ဝတ်ကျေချင်သူမင်းသမီးလေးတို့ပါရှိလေရဲ့။
__________🪔ထိပ်ထား🪔___________
RenGe-1.7.2018
VOCÊ ESTÁ LENDO
ထိပ်ထား
Ficção Históricaမည်သူတစ်ဦးတစ်ယောက်မှ ရည်ရွယ်ခြင်းမရှိ ကျွန်တော်၏ စိတ်ကူးသက်သက်ပင်ဖြစ်သည်။