ထိုးမည့်ဆင် တစ်လှမ်းဆုတ်

9.2K 1K 49
                                    

စံအိမ်ရှေ့မြင်းခွာသံ တခွပ်ခွပ်ကြောင့် သီရိထိုင်နေရာမှထကာ
ပြတင်းပေါက်မှ
လှမ်းကြည့်လိုက်သည်။ မြင်လိုက်ရတာက မြင်းစီးလာသော ရဲမက်ဗိုလ်ပုံစံ လုလင်တစ်ဦး...ပြီးတော့ တရိပ်ရိပ်မှတ်မိလာသော အတိတ်။

“ဒီပ..”

ဟုတ်တာပေါ့ သူ့အပေါ် နှစ်ဦးမရှိသစ္စာရှိသူ ဒီပရယ်ပါ။ ထိပ်ထားပြောပြချက်အရ ဒီပကြောင့် ထိပ်ထားနဲ့ မယ်တော် ဒေဝမင်းထင်ကျော်စွာ လက်က လွတ်ခဲ့တာဆိုတာကိုလည်း သီရိသိခဲ့ပြီးပြီ။ ဒီပလိုလူမျိုး သူ့မှာရှိခဲ့တာ တကယ့်ကောင်းတဲ့ ကိစ္စပဲဆိုပြီး သီရိအမြဲ တွေးမိခဲ့တယ်...။

“အရှင်...အရှင့်ကိုတွေ့ပေးရမဲ့သူတစ်ဦးရှိတယ်။ သူကအရှင့်အတွက် အရေးပါတဲ့သူပါ...”

အတွေးမဆုံးခင်ရောက်လာပြီး အောက်ဆင်းဖို့ ခေါ်သူ ထိပ်ထားစကားကြောင့် သီရိပြုံးလိုက်ရင်း...

“ဒီပ.. .”

“ အ ရှင် မှတ်မိတယ်လား...မှတ်မိနေပြီလား”..

“တဖြေးဖြေးချင်းပါ ထိပ်ထားရယ်"

“သူ့ကိုတော့ ဘာကိစ္စနဲ့ အခေါ်တော်လွှတ်တယ် ပြောမထားဘူး။ သူက အရှင်မရှိတဲ့ အတောအတွင်း ထိပ်ထားနဲ့အဆက်သွယ် မပြတ်ရှိခဲ့သလို အမြဲလိုအပ်တဲ့ အကူအညီပေးခဲ့တယ်။ ယခု ကေတုမတီမှာ ရဲမက်ဗိုလ်ချုပ်နေနဲ့ တာဝန်ထမ်းနေတယ်တဲ့။ သူ့အမေနဲ့ညီမလေးကို ဒေဝမင်းထင်ကျော်စွာက အကျပ်ကိုင်ထားလို့ သူအခက်တွေ့နေရရှာတာ။ သူကလည်း ခေတဲ့သူမဟုတ်တော့ ဒေဝမင်းထင်ကျော်စွာက အရ   ခြေချုပ်ယူထားတာလေ။”

ထိပ်ထားစကားကြောင့် သီရိခေါင်းတဆတ်ဆတ် ငြိမ့်မိသည်။ ဒေဝမင်းထင်ကျော်စွာက လူတော်တွေဆို သူ့လူ သူ့သစ္စာတော်ခံ ဖြစ်စေချင်တာ သိတာပေါ့။ ။ ဒါ့ကြောင့် သူ့တောင် စည်းရုံးခဲ့သေးတာမလား.....

“သွားရအောင်လေ....”

စံအိမ်ရဲ့ အောက်ထပ်ရောက်တော့ လှေကားကိုကျောပေးထိုင်ထားတဲ့ ဒီပကို သီရိတွေ့လိုက်ရသည်။ ။ ထိပ်ထားကို တိတ်တိတ်နေဖို့ သီရိ အချက်ပြလိုက်ရင် နံရံက ဓားကိုယူကာ ဒီပ လည်ပင်းကို....

“ရွှန်း.....”

လျှင်မြန်သော ကာချက်ပါ။ ။လည်ပင်းနား ဓားမရောက်ခင် တန်ပြန်ကာချက်တစ်ခု...ပြီးတော့ ပြန်တိုက်ဖို့အသင့်အနေအထားနဲ့ ဒီပ။ သီရိ သဘောတကျပြုံးတယ်....

“လက်ရည်တက်လာသားပဲ ဒီပ”

ဒီပလက်ထဲက ဓားပြုတ်ကျသွားတာကို သီရိမြင်လိုက်ရတယ်။ အတိတကျဆို လွှတ်ချလိုက်တာပါ။ ပြီးတော့ အံ့သြဝမ်းသာ မျက်ရည်စို့သော မျက်လုံးဝိုင်းများ....

“တပ် တပ် မှူးချုပ်....”

“မတွေ့တာ ကြာပြီနော် ဒီပ”

သီရိရှေ့ကို ဒူးထောက်ချကာ အရိုအသေပေးလာသော ဒီပဟာ ယောကျ်ားတန်မဲ့ မျက်ရည်ကျနေခဲ့တယ်။ သီရိနန္ဒာဒေဝီဆိုတာ ငယ်ငယ်တုန်းက ငယ်သူငယ်ချင်း။အရွယ်‌ရောက်လာတော့လည်း ခေါင်းဆောင်ကောင်း သွေးသောက်ကောင်းတစ်ဦး။အောက်လက်ငယ်သားတွေကို အမြဲစာနာငဲ့ညှာသူ။ဒီပအပေါ်လဲ တပ်မှုးချုပ်က သိပ်ကောင်းပေးခဲ့တာ။ သူကျဆုံးသွားတယ် ကြားတုန်းက ဒီပ တိုက်ပွဲကို လိုက်ခွင့်မရခဲ့တာကို နောင်တရမဆုံးခဲ့။ အမြဲကိုယ့်ကိုကိုယ် အပြစ်တင်ရင်းနေခဲ့ရသည်။ ဒါ့ကြောင့် တပ်မှုးချုပ်တန်ဖိုးထားတဲ့ ထိပ်ထားနဲ့မယ်တော်ကြီးကို တပ်မှုးချုပ်ကိုယ်စား တက်နိုင်သမျှ ကူညီစောင့်ရှောက်ခဲ့ခြင်းဖြစ်၏။နီးရာဓား ကြောက်ရတဲ့ အခြေအနေမို့ ဒေဝမင်းထင်ကျော်စွာဆီမှာ အမှုထမ်းခဲ့ရပေမဲ့ ဒီပစိတ် မကြည်လင်ခဲ့ပါ။ ။

“ယောကျ်ားရင့်မာကြီးဖြစ်ပြီး မျက်ရည်ကျနေပြန်ပြီ။ ပြီးတော့ ဒူးထောက်တာက ဘယ်တော့ထမှာတုန်း။ ကျွန်ုပ်နဲ့စကားမပြောတော့ဘူးလား ဒီပ”

“တပ်မှုးချုပ်.....”

“ကဲ ဒီမှာထိုင်....အကြောင်းကြောင့်ကြောင့် ကျွန်ုပ်မသေခဲ့ဖူး ဒီပ။ ။ ယခုက လုပ်စရာရှိတာ လုပ်ရမဲ့အချိန်ပဲ။သင့်အကူအညီလိုတယ် ဒီပ”

“တပ်မှုးချုပ်အတွက် ဒီပက အမြဲသစ္စာတော်ခံပါ”

“ယခု ကေတုမတီက စစ်အင်အားနည်းနေချိန်လို့ ကြားရတယ်။ အယုဒ္ဓယနဲ့ကိစ္စကြောင့်။ ။ ကျွန်ုပ်က ယခုတိုင်းပြည်ငယ်တွေက ထောက်ပံ့တဲ့စစ်အင်အား လူအင်အားနဲ့ ကေတုမတီကို ပြန်သိမ်း အနိုင်တိုက်ချင်တယ်။ ထီးနန်းရရင် အရင်ကေတုမတီ မင်းကြီးကိုပဲ ပြန်လွှဲမယ်။ မောင်မင်းက ကေတုမတီရဲ့ရဲမက်ဗိုလ်ချုပ်ဆိုတော့ သူတို့ စစ်အင်အားအခြေအနေနဲ့ မောင်မင်းကူညီနိုင်တာ ပြော”

“စစ်အင်အားနည်းနေတာ မှန်ပေမဲ့ ဒီအတောအတွင်း ဖြည့်သွင်းခဲ့တဲ့ ရဲမက်အင်အားကြောင့် ယခင်တပ်မှုးချုပ်ရှိစဉ်က တပ်လောက်ရှိသေးပါတယ်။ ။ ပြီးတော့ တပ်မှုးချုပ် အကျဉ်းစံနေရတာဟာ ကေတုမတီမင်းကြီးအပြင် သေနာပတိချုပ်ကြီးလည်းပါပါတယ်”

“ဘယ်လို....ခမည်းတော်က ကွပ်မျက်ခံလိုက်ရတယ်ဆို”

“တမင် သတင်းလွှင့်ခဲ့တာပါ။ သေနာပတိချုပ်ကြီး အသက်ရှင်နေသေးတာ သိတဲ့သူအတော်နည်းပါတယ်။ ကျွန်တော်မျိုးတောင် အမှတ်မထင် သိခဲ့ရတာ။”

ဒီပဆီက စကားကြောင့် သီရိ ဝမ်းသာသွားရတယ်။

“စစ်သည်အင်အားက အကုန်စုထောက်ပံ့မယ်ဆို ဘယ်လိုပဲဆိုဆို တိုက်လို့ရတယ်။မင်းကြီးနဲ့ခမည်းတော်ကို ကယ်ဖို့လည်း လိုမယ်....ဒီပ ကျွန်ုပ်အယုံကြည်ရဆုံးသူတွေထဲမှာ သင်လည်းပါတယ်ဆိုတာ သိတယ်မလား”

သီရိစကားက ဘာကိုဆိုလိုလည်းဆိုတာကို ဒီပ သဘောပေါက်သည်။

“ကျွန်‌တော်မျိုးလိုအပ်တဲ့အကူအညီတွေပေးပါ့မယ်။ ။
တပ်မှုးချုပ် အရေးတော်ပုံအောင်ဖို့ ဟော့ဒီ ဒီပက အသက်ကို ပဓာနမထားပဲ ဆောင်ရွက်ပါ့မယ်လို့ သစ္စာကတိပြုပါတယ်....”

ဒီပရဲ့ သစ္စာကတိပြုပုံက လွန်ခဲ့သောနှစ်တွေကလိုပဲ မပြောင်းလဲခဲ့ဘူး။ဟိုးယခင် စစ်သည်တော်ပေါက်စ စဖြစ်ကာစဘဝကို ပြန်မြင်ယောင်ပြီး သီရိပြုံးမိတယ်။ အဲ့အချိန်တုန်းက ဒီပ ဘယ်လောက်တောင် တက်ကြွပြီး သတ္တိပြချင်ခဲ့လဲဆိုတာ သတိရပြီးပေါ့...။ ။

“တပ်မှုးချုပ် နဲ့ မင်းသမီး ကျွန်တော်မျိုးကို ပြန်ခွင့်ပြုပါအုန်း။ကေတုမတီကို အားချင်းပြန်မှ ဖြစ်မယ် ။ ။ ကျွန်တော်မျိုးအကြာကြီးပျောက်နေလို့မရဘူး။ ။ ကျွန်တော်မျိူးဘက်ကလည်း အားလုံးပြင်ဆင်ထားပါ့မယ်...တပ်မှုးချုပ်တို့ ချီတက်မဲ့ရက် အားလုံးသေချာပြီဆိုရင် အကြောင်းကြားပေးပါ။ ။”

“ကောင်းပြီ ဒီပ ။ ။ လမ်းခရီးမှာ ဘေးကင်းပါစေ”

ဒီပမြင်းခွာသံ တဖြည်းဖြည်း ဝေးသွားသည့်တိုင် သီရိ ထိုင်နေရာက မထဖြစ်သေး။ ။ အတွေးထဲ ဓားပြနှိမ်နင်းဖို့ သွားသည့် ညကို ပြန်မှတ်မိလာရသည်။ ။

အဲ့နေ့က ထိပ်ထားကိုယ်တိုင် မြင်းပေါ်ထိ လိုက်ပို့သည့်နေ့။ ။ ထိပ်ထားကို ချစ်ရေးဆိုခဲ့ရ၍လည်း စိတ်ထဲ ပေါ့ပါးကြည်နူးနေမိသည့်နေ့။ ။ စစ်ပွဲများစွာ တိုက်ခဲ့သည့် သီရိအတွက် ဓားပြအဖွဲ့ဆိုတာ တကယ့် ပူပန်စရာမလိုသည့် အနေအထား ။

ဒီလိုနှင့် သူပုန်သောင်းကျန်သည်ဆိုသော နယ်စပ်ရွာလေးကိုမရောက်ခင် ညနက်လာ၍တောတွင်းတစ်နေရာ၌ သီရိတို့ တပ် စခန်းချခဲ့ကြသည်။ ။

ယာယီရွက်ဖျဉ်တဲများ ထိုးပြီးပေါ့။ တပ်သားတွေက အသီးသီးစီ....တပ်မှုးချုပ်ဖြစ်သည့် သီရိကတော့ တပ်သားများနှင့်ခပ်လှမ်းလှမ်းနေရာ၌ တစ်ဦးထဲ တစ်တဲ။ ။ ညသန်းခေါင်ယံရောက်တော့ အားလုံးတိတ်ဆိတ်နေသည့်အချိန် သီရိ တဲတွင်းကို ဝတ်ရုံနက်ဝတ်ထားသည့် လူဆယ့်ငါးဦးခန့် ဝင်လာခဲ့သည်။ ။

အအိပ်ဆတ်၍ ချက်ချင်းနိုးခဲ့သော်လည်း မမျှတသည့် အင်အားမို့ မနည်းခုခံကာကွယ်ရင်း တဲတွင်းမှ ရအောင် ထွက်ခဲ့သည်။ ။ အထူးလေ့ကျင့်ထားပုံရသော ဝတ်ရုံနက်လူတွေကြောင့် ခုခံရင်း ခုခံရင်း သီရိအတွက် လမ်းမရှိတော့ သူမကျောဘက်တွင် ချောက်ကြီး တစ်ခုသာရှိတော့သည်။ ။

အခြေအနေကား သူတို့ဘက်က လူခြောက်ဦးမျှ သီရိလက်ချက်ကြောင့် သေဆုံးသွားသလို သီရိကျောတွင်လည်း ဓားခုတ်ရာတစ်ချက် ထိထားချေပြီ။ ။ တဖြေးဖြေး ဝိုင်းလာသော သကောင့်သားများကြောင့် ချောက်အတွင်း ခုန်ဆင်းပြစ်လိုက်တော့၏။

“ဟူး.....”

သက်ပြင်းချပြီး မှိတ်ထားသည့် မျက်လုံးအစုံကို ဖွင့်လိုက်သည့်အချိန်မှာတော့ သူ့ရှေ့တည့်တည့်တွင် သေချာကြည့်နေရှာသော ထိပ်ထား။

“ထိပ်ထား...”

ထိပ်ထားဘာစကားမှ မဆိုပဲ သီရိ၏နားထင်တွင် စို့နေသော ချွေးများကို ပဝါဖြင့်လာသုတ်ပေးကာ...

“ဒီပထွက်သွားကတည်းက အရှင့်ကို အာဟာရရှိတာလေးတွေ ကျွေးချင်လို့ မီးဖိုဆောင်ကို ခေတ္တသွား ဦးစီးတာ။ ။အားလုံးပြီးလို့ ပွဲတော်တည်ဖို့ လာခေါ်တော့ အရှင်က မျက်လုံးမှိတ်ပြီးငြိမ်နေတယ်။ ။ အဲ့တာနဲ့ ထိပ်ထားလည်း အရှင်မျက်လုံးဖွင့်အလာကို ထိုင်စောင့်နေတာ....”

“ကျွန်ုပ် အလုံးစုံ သတိရပြီထိပ်ထား။ လုပ်ကြံခံရတဲ့ အဖြစ်အပျက်တွေရောပေါ့...”

“အလုံးစုံလား...”

“ဟုတ်တယ် အားလုံးဟာ ဒေဝမင်းထင်ကျော်စွာ လက်ချက်တွေ။ ။ သူလုပ်ခဲ့တဲ့အတိုင်း သူပြန်ပေးဆပ်ရမှာပဲ”

ထိပ်ထားခေါင်းငြိမ့်ကာ ထောက်ခံပြီး သီရိရဲ့လက်နှစ်ဖက်ကိုဆွဲယူကာ သူ့လက်ဖဝါးလေးများဖြင့်အုပ်ကိုင်ရင်း....

“အရှင်......”

“ပြောပါ ထိပ်ထား”

“အရှင့်ကို ထိပ်ထားရဲ့အသက်နဲ့ထပ်တူ ချစ်ခင် မြတ်နိုးတယ်။ ။ အရှင်မရှိပဲ ထိပ်ထားမနေနိုင်ဘူး။ ။ တစ်ခုခုဖြစ်သွားမှာလည်းသိပ်စိုးတယ်။ဒါပေမဲ့ တစ်ဦးထဲလောဘအတွက်နဲ့ အရှင့်ကို အပိုင်သိမ်းထားလို့မှ မရတာ။ ။ ဒီတော့ အရှင့်ကိုအရှင် ဂရုစိုက်ပါနော်။”

ချစ်ရသူ မင်းသမီးမျက်နှာလေးကို သီရိမော့ကြည့်လိုက်တော့ တကယ့် စိုးရိမ်မှုတွေနှင့်....

“စိတ်ချပါ ဒီတစ်ခါဘာမှမဖြစ်စေရပါဘူး။ ကိုယ့်အသက်ကို ဘယ်လိုမှ အထိခိုက်မခံဘူးဆိုတာ ကတိပေးပါတယ်။ ။ထိပ်ထားသိတယ်မလား ကျွန်ုပ်က ကတိတည်တဲ့သူဆိုတာ...”

မျက်လုံးဝိုင်းလေးများပိတ်အောင် ပြုံးပြီး ခေါင်ငြိမ့်ပြရှာသော သူမ။ ။ သီရိ ဘယ်လိုမချစ်ပဲ နေနိုင်မလဲ။ ကြာလေ ပိုမြတ်နိုးမိလာလေ ချစ်ခင်ကြင်နာမိလာလေမလား။ ။

“နေအုန်း ထိပ်ထားရဲ့...ကျွန်ုပ်တစ်ခုမေးမလို့။ ။ ထိပ်ထားလို မင်းသမီးနဲ့ မီးဖိုဆောင်ဆိုတာ လားလားမျှ မသက်ဆိုင်သော နေရာနော်။ အဲ့တာ မီးဖိုဆောင်ထဲ ဒီရက်ပိုင်း ကိုယ်တိုင် သွားသွားနေတယ်ဆို”

“သြော် အဲ့တာက ဒီလိုရှိတယ်အရှင်ရဲ့။ ထိပ်ထားက ဟင်းပွဲတော် ပြုလုပ်နည်းတွေကို စာအားဖြင့် ရင်းနှီးပေမဲ့ လက်တွေ့မလုပ်ဖူးဘူးလေ။ ။ အဲ့တာ ကိုယ်တိုင် လက်တွေ့ ချက်ပြုတ်တာကိုလေ့လာ ချက်ကြည့်နေတာပါ။ “

“အို ထိပ်ထားရယ်...ဘယ်မင်းသမီးကများ ပွဲတော်ကိုယ်တိုင် စီစဉ်တယ်ကြားဖူးခဲ့လို့လဲ။ ထိပ်ထားပင်ပန်းတာပေါ့”

“မပင်ပန်းပါဘူး...နောက်အရှင်နဲ့ ထိပ်ထား နှစ်ဦးထဲ တူတူနေတဲ့အခါ ထိပ်ထားကိုယ်တိုင် အရှင့်ပွဲတော်ကို စီမံပေးချင်လို့ ။ ။ သူများစီစဉ်ပေးရင် မလိုတဲ့သူတွေဘာတွေ အဆိပ်ခတ်မှာ စိုးရတယ်လေ။ ထိပ်ထား ကိုယ်တိုင်ဆိုတော့ ပိုစိတ်ချတယ်။ ။ အရှင့်ရဲ့ အရာအားလုံးကို ထိပ်ထားလက်နဲ့ပဲ စီစဉ်ပေးချင်တယ်။ ။ “

“နောင် အရှင်နဲ့ထိပ်ထား အတူတူနေတဲ့အခါ” ဆိုသော စကားက သီရိ နားထဲ ပဲ့တင်ထပ်လျှက်။
ရင်ထဲ ပီတိများလျှံကျလာရသည်။ ထိပ်ထားက သူနဲ့ပတ်သတ်လို့ ဒီအထိတွေးထားပြီတဲ့လား။။
ပြီးတော့ ဘုရင်၏မိဖုရားခေါင်ကြီးများကတောင် ဘုရင်ပွဲတော်တည်ဖို့ ကိုယ်တိုင်ချက်ဖို့နေနေသာသာ စီတောင်စီစဉ်ပေးသည်ဆိုတာ မကြားဖူးခဲ့...အစဉ်အလာလည်းမရှိခဲ့။ ။ မီးဖိုဆောင်ကို အမိန့်ပေးကာ အလိုရှိရာ ချက်ခိုင်းသည်ချည်း...ယခု သီရိကိုယ့်ကိုကိုယ် ဘယ်လိုခံစားသွားရသလဲဆိုတော့ ကံအကောင်းဆုံးလူသားဟူ၍။ ။
“အရှင် မျက်နှာတော်က အပြုံးကြီးလျော့ပါအုန်း..”

သီရိ ဘယ်လိုမှအောင့်ထားနိုင်စွမ်းမရှိတော့ စံအိမ်တော်ရဲ့ ဧည့်ဆောင်အတွင်းမှာဆိုတာလည်းမသိတော့ ထိပ်ထားရဲ့ နှုတ်ခမ်းဖူးဖူးကို ဖြတ်ခနဲ့......

“အစ်မတော် တပ် တပ်...ဟင်...”

အချိန်ကိုက် ဝင်လာသူက ခင်ခင်လေးရယ်ပါ။ သူ့ခမျာ ဧည့်ဆောင်ထဲက မြင်ကွင်းကြောင့် ရှေ့ဆက်သွားရမလား နောက်ပဲ လှည့်ရမလားဆိုပြီး ရပ်နေရာမှာတင် တပတ်လှည့်မိသွားပါတော့၏။

“ဒီလူကြီးတွေကတော့ ....အား ငါနဲ့ပဲတိုးနေတာပဲ။”

တစ်ယောက်ထဲ တီးတိုးပြောရင်း အစ်မတော်တို့ကို ကျောပေးထားလိုက်၏။ သိသာသိစေမမြင်စေနဲ့ဆိုသော်ငြား အစ်မတော်တို့က သူသိလည်း ဂရုစိုက်မည့်ဟန် မပေါ်ပါ။ ။

“ခင်လေး လာလေ...”

“ရပါတယ် လုပ်စရာရှိတာ အရင်လုပ်ပါ...ခင်လေးစောင့်မယ်။ ။ ပြီးမှပြော”

တမင်ခပ်ငေါ့ငေါ့ကို ပြောလိုက်ခြင်းပါ။

“တယ် ဒီကောင်မလေး ကိုယ့်အစ်မတော်ကို မလေးမစားနဲ့....”

“ဟွန်း...”

ခင်လေး ဒီဘက်လှည့်လိုက်တော့ ရှက်ကိုးရှက်ကန်းဖြစ်ကာ အနည်းငယ်ရဲနေ‌သောမျက်နှာနှင့်တပ်မှုးချုပ်နဲ့ ခပ်တည်တည်သူ့ကို ကြည့်နေသော အစ်မတော်ကို ခင်လေးတွေ့လိုက်ရပါသည်။

“ခုမှရှက်ပြနေ...ခုနကကျအစ်မတော်ကို  ..ဟွန်း။ မိလိုက်ရင်လည်း သူချည်း...”

“ခင်လေး ပွစိပွစိနဲ့ ဘာပြောနေတာတုန်း”

“ဘာမှမပြောပါဘူး...”

“ဘာပြောမလို့တုန်း....”

“သြော် အဲ့တာက ဖခမည်းတော်က တပ်မှုးချုပ်ကို အခေါ်တော်လွှတ်လိုက်လို့ပါ။ ။ ညနေကျ သီးသန့် တွေ့ဆုံချင်ပါသည်တဲ့။ ခင်လေးက စကားလာပါးပေးတာ...”

“အမိန့်တော်အတိုင်းပါလို့ မင်းသမီး။ ကျွန်ုပ် ညနေကျ နန်းတွင်းကို အခစားဝင်ပါ့မယ်လို့ လျှောက်တင်ပေးပါ။ ယခုတစ်ခါထဲ ကျွန်ုပ်တို့နဲ့ ပွဲတော် အတူတူတည်သွားပါအုန်း”

“ခင်လေးက ပွဲတော်တည်ခဲ့ပြီးပြီ။ ။ ခုချက်ချင်းပဲ နန်းတွင်းပြန်ရမှာ ...စစ်သည်တော်တွေနဲ့အတူ စစ်ရေးလေ့ကျင့်နေတာ။ ။ ဒီတစ်ခါစစ်ထွက်ရင် ခင်လေးလည်း လိုက်ပါမှာမို့....ခွင့်ပြုပါအုန်း တပ်မှုးချုပ်”

ပြောပြောထထ သွားသူက ခင်လေး...အပေါက်ဝနားရောက်မှ တပ်မှူးချုပ်တို့ဘက်ပြန်လှည့်ကာ...

“လုပ်စရာရှိတာ ပြန်လုပ်ကြမယ်ဆိုလည်း နေရာတော့ ပြောင်း...ဒီနေရာက လူမြင်လွယ်တယ်။ ခုနက ခင်လေးမို့ တခြားသူဆိုမလွယ်ဘူး။ ။”

“တယ် ကောင်မလေး....”

ထိပ်ထားရဲ့ ခပ်ရှက်ရှက် ဟန့်သံနဲ့ တပ်မှုးချုပ်ရဲ့ တီးတိုးရယ်သံက ဧည့်ခန်းထဲတွင် ပျံနှံ့လျက်....။


________🪔ထိပ်ထား🪔___________


“ဦးရီးတော်...”

“မတွေ့တာကြာတာတောင် မှတ်မိသေးသားပဲ တူမတော်က။ ။”

ရာမညဘုရင်ဟာ မိမိဖခမည်းတော်၏ သူငယ်ချင်းအရင်းဖြစ်နေခဲ့မှန်း သီရိသိချိန်မှာတော့ ဝမ်းသာသွားရသည်။ ။ သီရိငယ်စဉ်ကဆို ကေတုမတီစံအိမ်ကို ခမည်းတော်က အလည်ခေါ်လာတက်သည်။ ထိုစဉ်ကတည်းက သီရိနှင့် ခင်မင်ရင်းနှီးသည်။

“ဝဏ္ဏကျော်ဇော အကြောင်းတွေလည်း ကြားတယ်။ ဦးရီးတော်စိတ်မကောင်းပါဘူးကွယ်....သူငယ်ချင်းတစ်ယောက်အနေနဲ့ ဘာတာဝန်မှ မကျေခဲ့ဘူး။ လိုအပ်နေချိန်ကူညီမပေးနိုင်ခဲ့ဘူး”

“ခမည်းတော်က အသက်ရှင်နေသေးတယ် ဦးရီးတော်”

“ဘယ်လို”

“ဒေဝမင်းထင်ကျော်စွာ အကျဉ်းချထားတယ်တဲ့...ကွပ်မျက်တယ်ဆိုတာက သပ်သပ် သတင်းလွှင့်ထားတာ...”

“ဒါဆိုရတဲနည်းနဲ့ကယ်ရမှာပဲ။သမီးတော်ဆီက ဒီတိုက်ပွဲကို ဦးဆောင်မဲ့သူတွေ့ပြီဖြစ်ကြောင်း...ဦးဆောင်သူက သီရိနန္ဒာဒေဝီဖြစ်ကြောင်း ဦးရီးတော်ကြားကတည်းက အားရှိခဲ့တာ။ တူမတော် ဂုဏ်သတင်းက သိပ်မွှေးခဲ့တယ်လေ...ယုံကြည်တယ်တူမတော်။ လိုအပ်သမျှလည်းထောက်ပံ့မယ်...”

“မှန်လှပါ”

“ဒါဆို ဒီညတွင်းချင်းပဲ တိုင်းပြည်ငယ်ဘုရင်တွေကို လျို့ဝှက်ညီလာခံလုပ်ဖို့ အကြောင်းကြားလိုက်မယ်။ မနက်ကျ လူစုံရင် ဆွေးနွေးကြမယ်။ ။”

“သင့်မြတ်ကြောင်းပါ...”

“ထိပ်ထားလေးနဲ့ စံအိမ်တော်မှာနေတယ်ဆို အစစအရာအရာ အဆင်ပြေရဲ့လား။ လိုအပ်တာရှိရင် မချွင်းချန်လျောက်တင်နိုင်တယ်။။ “

“လိုလေသေး မရှိကြောင်းပါ ဦးရီးတော်။"

သီရိ ရာမညဘုရင်ဦးရီးတော်နှင့် ဆွေးနွေးပြီးတာနဲ့ စံအိမ်တော်ကို ပြန်ခဲ့သည်။ နန်းတွင်းထဲမှာညမအိပ်လိုပါ။ ထိပ်ထား အပြန်မျှော်နေမှာကို သိ၍။ ပြီးတော့ စစ်မထွက်ခင် ရွာကအဘနဲ့အမေဆီကိုလည်းသွားရမည်။မွေးစားမိဘတွေ သူ့ကိုလွမ်းနေရော့ပေါ့.....

________🪔ထိပ်ထား🪔___________



RenGe-13.4.2019

ထိပ်ထားWhere stories live. Discover now