တာအိုဟာ သူ့အိမ်ကနေ လှမ်းကြည့်ရင်း အဖြစ်အပျက်အစုံကိုမြင်တယ်။ အသုဘချဖို့သယ်လာတဲ့ မိသားစုဟာ အခေါင်းထဲက အသံကြားတော့ အခေါင်းကို ဖွင့်ကြည့်တယ်။ ဒီအခါမှာ သူတို့ရဲ့ သမီးဟာ အသက်ယဲ့ယဲ့လေး ကြိုးစားပြီး ရှူလာတယ်။ ဒါနဲ့ အခေါင်းထဲက သူတို့ရဲ့သမီးကိုထုတ်ပြီး အနီးဆုံးမှာရှိတဲ့ တာအိုရဲ့အိမ်ကို သယ်လာတယ်။ သူတို့ရဲ့သမီး သတိကောင်းကောင်းရလို့ ပြန်ဖို့လုပ်တော့ အော်တွမ်မိန်းဝိညာဉ်ဝင်နေတဲ့ ကလေးမက
"ကျမနာမည် အော်တွမ်မိန်းပါ… ဦးတို့ရဲ့ သမီးမဟုတ်ပါဘူး…"
လို့ပြောပြီး တာအိုကိုလှမ်းပြုံးပြတယ်။ အော်တွမ်မိန်းမျက်နှာနဲ့ လုံးဝမတူတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေပေမယ့် သူ့ရဲ့အကြည့်၊ အပြုံးနဲ့ သူ့ရဲ့ဟန်ပန်အမူအရာတွေဟာ အော်တွမ်မိန်း အတိုင်း ဖြစ်နေတာကို တာအိုသိလိုက်တယ်။
ဟိုမိသားစုဟာ သူတို့သမီး ပြောင်းလဲသွားတာကို နောက်ဆုံးလက်ခံပြီး တာအိုကို သူတို့ရဲ့သမက်အဖြစ် အသိအမှတ်ပြုတယ်။တာအိုကတော့ အော်တွမ်မိန်းမျက်နှာမဟုတ်တဲ့ အမျိုးသမီးကို လက်ခံနိုင်အောင် ကြိုးစားနေရတယ်။ ဒါပေမယ့် သိပ်မကြိုးစားလိုက်ရပါဘူး။ အော်တွမ်မိန်းရ့ အပြောအဆို အမူအရာတွေ အားလုံးဟာ ဘာမှမပြောင်းလဲတော့ ပြသနာမရှိတော့ဘူး။
တာအိုနဲ့အော်တွမ်မိန်းတို့နှစ်ယောက် အဆင်ပြေသွားပေမယ့် ယိုယိုခမျာမှာ လူ့ဘဝကို မပြောင်းနိုင်တဲ့အတွက် အိမ်ရဲ့ထောင့်တစ်ထောင့်မှာနေပြီး ငိုနေတယ်။ ယိုယိုရဲ့ငိုသံဟာ တာအိုတို့နှစ်ယောက်ကို စိတ်ထိခိုက်စေတယ်။ နောက်ဆုံးတော့ အော်တွမ်မိန်းက"ရှင့်ရဲ့ဆရာကိုသွားပြီး ယိုယိုအတွက် ပြောပေးပါလား… ကျမတောင် ဘဝပြောင်းအောင် သူလုပ်နိုင်တာဆိုတော့ ယိုယို့ကိုလည်း သူလုပ်ပေးနိုင်မှာပါ…."
တာအိုဟာ မှော်ဆရာဆီသွားပြီး အနူးအညွတ်တောင်းပန်ပြောဆိုတယ်။ ယိုယိုလေး ညတိုင်းငိုနေတာကိုလည်း ပြောပြတယ်။ ဒီတော့ မှော်ဆရာက"ငါလည်း စိတ်မကောင်းပါဘူးကွာ… ငါ့မှာရှိတဲ့ အစွမ်းတွေအားလုံး သုံးပြီး ကြိုးစားကြည့်မယ်… ဒါပေမယ့် ရ မရတော့ အာမမခံဘူး…."
မှော်ဆရာဟာ တာအိုတို့အိမ်ကို လိုက်လာပြီး အခန်းတစ်ခန်းထဲမှာ သူတစ်ယောက်တည်း တရားထိုင်တယ်။ စကားလည်းမပြော၊ အစားလည်း မစားဘဲ ၁၀ရက်နဲ့ ၁၀ညတိတိ နေတယ်။ ရေတောင် မသောက်ဘူး။ တာအိုဟာ တိတ်တိတ်လေး ချောင်းကြည့်တော့လည်း ထိုင်လျက်နဲ့ ငြိမ်နေတာပဲ မြင်ရတယ်။ မျက်စိလည်း မှိတ်လျက်ပဲ။
YOU ARE READING
ထင်ရှားကျော်ကြား တရုတ်ရိုးရာ ဝတ္ထုတိုများ
Short Storyရိုးရာဝတ္ထုတို ကြိုက်နှစ်သက်သူများအတွက် ရည်ရွယ်ပါသည်။ Credit to : Original Author