အပိုင်း (၂)

1.1K 144 0
                                    



တစ်ညမှာ ဂူထဲမှာနေကြတဲ့ လူတွေရဲ့ ပွဲတော်ရောက်လာတယ်။ ယေဆိုင်းကို သူ့မိထွေးက ပွဲတော်မသွားစေဘဲ သစ်သီးခြံတွေကို စောင့်ကြည့်ဖို့ ပြောတယ်။ ယေဆိုင်းဟာ အိမ်မှာ တစ်ယောက်တည်း အိမ်စောင့်ရင်း သူ့မိထွေး ထွက်သွားတာကို လှမ်းကြည့်နေတယ်။ သူ့မိထွေးဟာ သူ့ရဲ့မြင်ကွင်းက ပျောက်သွားတာနဲ့ ပွဲတော်ကို သွားဖို့ ပြင်ဆင်တယ်။
သူဟာ အစိမ်းရောင် ပိုးဂါဝန်ဝတ်ပြီး ပွဲတောင်ကို သွားခဲ့တယ်။ သူ့ရဲ့ အဖေတူအမေကွဲညီမတွေက သူ့ကို မှတ်မိသွားပြီး သူတို့ရဲ့ အမေကို ပြောကြတယ်။


“ဟိုပိုးဂါဝန်အစိမ်းနဲ့ မိန်းကလေးက ကျွန်မတို့ မမနဲ့ မတူဘူးလား…” လို့ မေးတယ်။


ယေဆိုင်းရဲ့ မိထွေးဟာ ချက်ချင်းပဲ မှတ်မိသွားတယ်။ ယေဆိုင်းဟာ သူ့ညီမတွေနဲ့ မိထွေးက သူ့ကို လှမ်းကြည့်နေတယ်ဆိုတာ သိသိချင်းပဲ ထွက်ပြေးခဲ့တယ်။ ဒါပေမယ့် အလန့်တကြား ပြေးထွက်ခဲ့တာဆိုတော့ သူ့ရဲ့ ဖိနပ်နှစ်ဖက်ဟာ ကျွတ်ပြီး ကျန်ခဲ့တယ်။ အဲဒီဖိနပ်ကို ဂူကလူတွေ ကောက်ရသွားတယ်။
သူ့မိထွေးပြန်ရောက်တဲ့အခါမှာ ယေဆိုင်းဟာ သစ်ပင်တစ်ပင်ကို ဖက်ပြီးအိပ်နေတာ တွေ့ရတယ်။ သူ့ရဲ့ပုံစံဟာ ပွဲတော်တက်ခဲ့တဲ့ လှပတဲ့ဝတ်စုံတွေ ဝတ်ထားတဲ့ မိန်းကလေးနဲ့ တခြားစီပါပဲ။


အဲဒီဂူတွေရဲ့ အနားမှာ တိုဟွမ်လို့ခေါ်တဲ့ ကျွန်းတစ်ကျွန်းရှိတယ်။ အဲဒီက ဘုရင်ဟာ အင်အားကြီးမားပြီး သူ့ဘေးက ကျွန်းပေါင်း ၂၄ကျွန်းကို အုပ်စိုးတယ်။ သူပိုင်တဲ့ ရေပိုင်နက်ကလည်း အကျယ်ကြီးပဲ။ ဂူထဲမှာ နေတဲ့လူတွေက သူတို့ကောက်ရတဲ့ ဖိနပ်ကို ဘုရင်ကြီးကို ရောင်းလိုက်တယ်။ ဘုရင်ကြီးက သူ့နန်းတော်က အမျိုးသမီးတွေကို အဲဒီဖိနပ်ကို ဝတ်ခိုင်းတယ်။ ဘယ်သူနဲ့မှ မတော်ဘူး။ ဖိနပ်က သူတို့တိုင်းပြည်က အမျိုးသမီးတွေရဲ့ ခြေထောက်ထက် သေးနေတယ်။
ဘုရင်ကြီးဟာ ဖိနပ်လာရောင်းတဲ့သူကို သံသယဖြစ်ပြီး ထောင်ချနှိပ်စက်တယ်။ ဖိနပ်ရောင်းတဲ့သူက ဖိနပ်က ဘယ်ကဆိုတာ မပြောနိုင်ဘူး။ နောက်ဆုံးတော့ ဘုရင်ကြီးဟာ လမ်းတကာကို သူ့တပည့်တွေ လွှတ်ပြီး ဖိနပ်ပိုင်ရှင်ကို ရှာစေတယ်။


အိမ်တွေအားလုံးကို ဝင်ပြီး လိုက်ရှာရတယ်။ နောက်ဆုံး ယေဆိုင်းကို တွေ့သွားတယ်။ ယေဆိုင်းဟာ ဖိနပ်ကို ဝတ်လိုက်တာနဲ့ သူနဲ့ အတော်ဖြစ်နေတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ ပိုးအင်္ကျီအစိမ်းလေးနဲ့ အခုမှ ပြန်ရတဲ့ ဖိနပ်လေးကို ဝတ်လိုက်တာ  တကယ့်ကို နတ်သမီးလေးလို ဖြစ်သွားတယ်။ အဲဒီအကျိုးအကြောင်းကို ဘုရင်ကြီးကို လျှောက်တင်တယ်။ ဘုရင်ကြီးက ယေဆိုင်းကို သူ့နန်းတော်ကို ခေါ်ဆောင်သွားတယ်။ ယေဆိုင်းနဲ့အတူ ငါးရိုးတွေလည်း ပါသွားတယ်။


ယေဆိုင်းဂူထဲက ထွက်သွားပြီး မကြာမီမှာ သူ့မိထွေးနဲ့ ညီမတွေဟာ မိုးပေါ်က ကျလာတဲ့ ကျောက်တုံးတွေပိပြီး သေသွားတယ်။ ရွာသားတွေက သူတို့ကို ချောက်တစ်ခုထဲမှာမြှုပ်ပြီး “ဝမ်းနည်းဖွယ်ကောင်းသော အမျိုးသမီးတို့၏ သင်္ချိုင်း” လို့ စာတန်းထိုးကြတယ်။

ရွာသားတွေဟာ အဲဒီနေရာကို ထိမ်းမြားလက်ထပ်ခြင်းနဲ့ ဆိုင်တဲ့ နတ်သမီးနေတဲ့နေရာအဖြစ် ပူဇော်ကြတယ်။ မင်္ဂလာကိစ္စအတွက် ဆုတောင်းရင် ပြည့်စုံတယ်လို့ အယူရှိတယ်။


ဘုရင်ကြီးဟာ ယေဆိုင်းကို မိဖုရားအဖြစ် တင်မြှောက်တယ်။ သူတို့လက်ထပ်ပြီး ပထမနှစ်အတွင်းမှာ ဘုရင်ကြီးဟာ ကျောက်စိမ်းနဲ့ အဖိုးတန်ရတနာများစွာကို လိုတရတဲ့ ငါးအရိုးဆီမှာ တောင်းတယ်။ သူတောင်းဆိုတာတွေက များလွန်းလို့ နောက်ပိုင်းမှာ တောင်းလို့မရတော့ဘူး။

အဲဒီအခါမှာ ဘုရင်ကြီးဟာ ငါးအရိုးတွေကို ပင်လယ်ကမ်းစပ်မှာ ပုလဲတွေနဲ့အတူ မြှုပ်နှံလိုက်တယ်။ အဲဒီလိုမြှုပ်ပြီး ရွှေအုတ်တွေနဲ့ အကာအရံလုပ်ထားတယ်။ နောက်ပိုင်း ဘုရင်ကြီးရဲ့ ငယ်သားတွေက သူ့ကို တော်လှန်တဲ့အခါ ဘုရင်ဟာ သူအရိုးတွေ မြှုပ်နှံထားတဲ့နေရာကို သွားတယ်။ ဒါပေမယ့် ဒီရေတိုက်စားသွားလို့ ဘာမှမရှိတော့တာ တွေ့ရတယ်။ ဘုရင်ကြီးရဲ့ လောဘကြောင့် သူလိုအပ်တဲ့အချိန်မှာ လိုတရငါးရိုးလေး မရှိတော့ဘူး။








(ရေးသားသူ)
Lin Yutang




ထင်ရှားကျော်ကြား တရုတ်ရိုးရာ ဝတ္ထုတိုများOù les histoires vivent. Découvrez maintenant