တစ်ခါတုန်းက တရုတ်နိုင်ငံက ဂူတွေထဲမှာ လူမျိုးစုတွေ နေထိုင်ကြတယ်။ အဲဒီလို နေထိုင်ကြတဲ့ ဂူတစ်ခုထဲက လူမျိုးစုတွေရဲ့ ခေါင်းဆောင်နာမည်က ဝူး လို့ ခေါ်တယ်။ သူ့မှာ ဇနီးနှစ်ယောက်ရှိတယ်။ အဲဒီဇနီးနှစ်ယောက်ထဲက တစ်ယောက်ဆုံးတော့ သမီးလေး ယေဆိုင်း ကျန်ခဲ့တယ်။ အဲဒီ သမီးလေးဟာ ဥာဏ်ရည်ထက်မြက်တယ်။ သူ့ဖခင် ဝူးကလည်း သူ့ကို သိပ်ချစ်တယ်။
ယေဆိုင်းအရွယ်မရောက်ခင်မှာ သူ့ဖခင် ဝူး ကွယ်လွန်သွားတယ်။ ဒီတော့ ယေဆိုင်းရဲ့ မိထွေးဟာ သူ့ကိုမချစ်လို့ အမျိုးစုံ နှိပ်စက်တယ်။ သူနှိပ်စက်ပုံကတော့ တောထဲမှာ ထင်းရှာခိုင်းတယ်။ အိမ်နဲ့ အတော်ဝေးတဲ့ နေရာမှာ ရေခပ်ခိုင်းတယ်။
တစ်နေ့မှာ ယေဆိုင်းဟာ ရေသွားခပ်ရင်း နှစ်လက်မလောက်ရှိတဲ့ ငါးတစ်ကောင်ကို ဖမ်းမိတယ်။ အဲဒီငါးလေးဟာ အနီရောင် ဆူးတောင်နဲ့ ရွှေရောင်မျက်လုံးတွေ ရှိတယ်။ ယေဆိုင်းဟာ အဲဒီငါးလေးကို အိမ်ကိုသယ်လာပြီး ခွက်တစ်ခွက်ထဲမှာ ရေထည့်ပြီး မွေးထားတယ်။ ငါးလေးဟာ တစ်ရက်ထက်တစ်ရက် ကြီးထွားတာမြန်တာကြောင့် အိမ်မှာမွေးလို့ မဖြစ်တော့ဘူး။ ဒါကြောင့် သူတို့အိမ်နောက်က ကန်မှာ အဲဒီငါးကို နေရာရွှေ့ထားလိုက်တယ်။ ယေဆိုင်းဟာ သူစားတဲ့ အစားအစာတွေထဲက တချို့ကို ဖယ်ထားပြီး အဲဒီငါးလေးကို သွားကျွေးတယ်။ ယေဆိုင်း ကန်ကို ရောက်တဲ့အခါမှာ ငါးဟာ ကန်ပေါင်မှာ ခေါင်းတင်ပြီး ကြိုလေ့ရှိတယ်။ ဒါပေမယ့် တခြားလူတွေ ရှိတဲ့အခါမှာတော့ ကန်ပေါင်နား လုံးဝကို မလာဘဲနေတယ်။
ယေဆိုင်းနဲ့ ငါးလေးရဲ့ လျှို့ဝှက်ချက်ကို ယေဆိုင်းရဲ့ မိထွေးက ရိပ်မိသွားတယ်။ တစ်ခုခုဆိုတာသာ သိတာ။ ဘာလဲဆိုတာတော့ အတိအကျ သိတာမဟုတ်ဘူး။ တစ်နေ့မှာ သူက ယေဆိုင်းကို အခုလိုပြောတယ်။
“မင်းလည်း အလုပ်လုပ်ရတာ ပင်ပန်းလှရောပေါ့… မင်းအတွက် အင်္ကျီအသစ်တစ်စုံ ဝယ်လာတယ်…”လို့ပြောပြီး ယေဆိုင်းရဲ့ အင်္ကျီဟောင်းကို ချွတ်ပြီး အသစ်ကို ဝတ်စေတယ်။ ပြီးတော့မှ သူတို့အိမ်နဲ့ အတော်ဝေးတဲ့ ရေတွင်းမှာ ရေသွားခပ်ခိုင်းတယ်။ ယေဆိုင်းကတော့ သူ့မိထွေးရဲ့ အကြံအစည်ကို မရိပ်မိဘဲ အင်္ကျီအသစ်လေးဝတ်ပြီး ရေသွားခပ်တယ်။
ယေဆိုင်းမရှိတာနဲ့ သူ့မိထွေးဟာ ယေဆိုင်းရဲ့ အဝတ်ဟောင်းကိုဝတ်ပြီး အိမ်နောက်ဘက်က ကန်ကိုသွားတယ်။ ယေဆိုင်းမွေးထားတဲ့ ငါးက သူ့သခင်မရဲ့ အင်္ကျီအဝတ်အစားနဲ့ ရောက်နေတဲ့ မိထွေးကို ယေဆိုင်းမှတ်ပြီး ကန်ပေါင်မှာ ခေါင်းလေးလာတင်တယ်။ ယေဆိုင်းရဲ့မိထွေးဟာ ချက်ချင်းပဲ ငါးလေးကိုဖမ်းပြီး သတ်လိုက်တယ်။
ငါးဟာ အဲဒီအချိန်မှာ ၁၀ပေလောက် အရှည်ရှိနေပြီ။ မိထွေးဟာ အဲဒီငါးကို ချက်စားလိုက်တယ်။ ငါးဟင်းရဲ့ အရသာဟာ တခြားငါးတွေထက် အရသာ ရှိတယ်လို့ဆိုတယ်။ ငါးရိုးတွေကိုတော့ တွင်းတူးပြီး မြှုပ်လိုက်တယ်။
နောက်တစ်နေ့မှာ ယေဆိုင်းပြန်ရောက်လာတယ်။ သူ့ရဲ့ ကန်လေးကို သွားတဲ့အခါ ငါးပျောက်နေတာကို သူသိသွားတယ်။ ယေဆိုင်းဟာ ငါးကို မတွေ့ရလို့ အဲဒီကန်ပေါင်မှာ ငိုကြွေးနေတယ်။ သူအဲဒီလို ဝမ်းနည်းပန်းနည်း ငိုကြွေးနေတုန်း မိုးပေါ်ကနေ ဆံပင်စုတ်ဖွား၊ အင်္ကျီကိုးရိုးကားရားနဲ့ လူတစ်ယောက် ဆင်းလာတယ်။သူက
“ငိုမနေပါနဲ့တော့… မင်းမိထွေးက ငါးကို သတ်စားလိုက်ပြီး အရိုးတွေကို တွင်းတူးမြှုပ်ထားတယ်… အဲဒီအရိုးတွေကို တူးပြီး မင်းရဲ့ အခန်းဆီကို ယူသွားပြီး ဝှက်ထားလိုက်ပါ… မင်းတစ်ခုခု အလိုရှိရင် ဆုတောင်းလိုက်ပါ… မင်းဆုတောင်းတွေ ပြည့်လိမ့်မယ်…” လို့ ပြောတယ်။
ယေဆိုင်းဟာ အဲဒီလူပြောတဲ့အတိုင်း လုပ်တယ်။ မကြာခင်မှာပဲ ယေဆိုင်းဟာ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေနဲ့ အလွန်လှပတဲ့ အဝတ်အထည်တွေ ပိုင်ဆိုင်လာတယ်။
BINABASA MO ANG
ထင်ရှားကျော်ကြား တရုတ်ရိုးရာ ဝတ္ထုတိုများ
Short Storyရိုးရာဝတ္ထုတို ကြိုက်နှစ်သက်သူများအတွက် ရည်ရွယ်ပါသည်။ Credit to : Original Author