ရှောင်လန်ရွှင်း ပျောက်သွားသော တတိယမြောက်နှစ်တွင် ရိအိမ်တော်အား ခက်ခဲကြမ်းတမ်းစွာလာခဲ့ရသော အစေခံတစ်ဦးသည် လှပသော သေတ္တာအား ယူဆောင်လာကာ ရိယွင်ကျိုင်းသခင်လေးအား ဆက်သပေးရန် တစ်ခွန်းတည်းဆို၏။
တံခါးစောင့် ထိုအစေခံမှ ယူဆောင်လာသော သေတ္တာအတွင်းမှ ပစ္စည်းကို မြင်လိုက်ရသည့်အခါတွင် ရိယွင်ကျိုင်းသည် အလွန်ပင် အံ့ဩသွားသလို အလွန်တရာမှလည်း ကြည်နူးသွား၏။
ထိုသေတ္တာအတွင်း၌ ရှိနေသော ပစ္စည်းသည် ထူးဆန်းသော ပစ္စည်း မဟုတ်သလို သစ်လွင်နေသောအရာတစ်ခုလည်း မဟုတ်။ ရိုးရိုးသာမာန် ပုလဲ ဆံထိုးတစ်ခုသာဖြစ်၏။ ဤဆံထိုးတန်ဖိုးမှာ အနည်းငယ် မြင့်သည် ဆိုသော်ငြား သက်တမ်းမှာ ကြာမြင့်နေပြီဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ၊ ထိုဆံထိုးမှာ ရိယွင်ကျိုင်း အချမ်းသာဆုံး သူကြွယ်အိမ်တော်မှ ဆက်ခံသူဖြစ်သည့်အကြောင်းကို ဖုံးကွယ်ထားသောအချိန်က ရှောင်လန်ရွှင်းအား သူ့ခံစားချက်များနှင့်အတူ လက်ဆောင်ပေးခဲ့ဖူးသော ဆံထိုးသာဖြစ်သည်။
ထို့ကြောင့်ပင် ရှောင်လန်ရွှင်း၏ နောက်ကြောင်းမှာ ဖော်ထုတ်ခွင့်ရတော့သည်။
ဆိုစေကာမူ သူမသည် ကျန်းနန်တစ်လျှောက်တွင် နာမည်ကြီးသော မိန်းမလှတစ်ဦးဖြစ်သည်။ သူမ အိမ်မှာလည်း ကြွယ်ဝသည် ၊ သို့သော် ရွာငယ်မှ သူကြွယ်အားသည်ကား ရိယွင်ကျိုင်းတို့၏ ဂုဏ်ဓနများနှင့် ယှဉ်ပါက တိမ်လွှာနှင့် ရွံ့စေး *( နံ့သာဆီနှင့်ချေး ) သာဖြစ်သည်။ ထိုအချက်သည်သာ သူမ အစမှ အဆုံးတိုင်း ရိယွင်ကျိုင်းရှေ့ ထွက်မပြလာရသော အကြောင်းပြချက် ဖြစ်ခဲ့သည်။
သူမက သူမ၏ သေးငယ်နုံ့ဖျင်းသော ဘဝအား စိုးထိတ်သည့်အပြင် ဤသို့ အင်အားကြီး ရိအိမ်တော်အား မဝင်ရောက်ရဲပေ။ ထို့အပြင် ရိယွင်ကျိုင်း သူမအား လက်လျှော့သွားရန် မျှော်လင့်နေခဲ့သည်။ သုံးနှစ်စလုံး ရိယွင်ကျိုင်းမှ သူမအပေါ် အနည်းငယ်တောင် မပြောင်းမလဲရှိမည်ဟု မထင်ထား ၊ ထိုကြောင့် ဤအချိန်၌ သူမ ပြန်၍ ထွက်ပေါ်လာပြီး ရိယွင်ကျိုင်းနှင့် လက်ဆက်ရန် အဆင်သင့်ပြင်ဆင်ထားတော့သည်။