Unicode
Jung Kook ငယ်စဉ်ဘဝဟာ တခြားကလေးတွေလိုပဲ သိပ်ကိုရိုးရှင်းခဲ့ပါတယ်။
နေ့တိုင်း ကျောင်းသွားချိန်မှာ Appa က လိုက်ပို့ပေးတတ်သည်။ ချမ်းသာသော မိသားစုပေမို့ လိုချင်တာဟူသမျှလဲ အမြဲအဆင်သင့်။ အသိုင်းအဝိုင်းကြီးကဆင်းသက်လာသူပီပီ ဆရာမများနဲ့ သူငယ်ချင်းများကြား မျက်နှာပွင့်လန်းလှသူလဲ ဖြစ်သည်။ထိုသို့ အေးချမ်းနေသော သူ့ဘဝထဲအဖျက်မုန်တိုင်းက Appa ဆုံးသွားစဉ်က စတင်ခဲ့သည်။ သူ့အသက် ၁၀ နှစ်သားမှာ လစ်လပ်သွားသော Appa နေရာဟာ သိပ်ကို ဝမ်းနည်းပူဆွေးစေခဲ့သည်။ ကျောင်းသွားချိန်တွေ Appa နဲ့အတူ ကစားကွင်းသွားခဲ့ချိန်တွေဟာ မှတ်ဉာဏ်ထဲမှာ အထင်အရှားရှိနေဆဲပင်။
သူသိနားလည်ထားခဲ့တဲ့ အေးချမ်းတဲ့ မိသားစုဆိုတာဟာ တကယ်တမ်းတော့ အသက်မဲ့ အေးစက်နေတဲ့ ရိပ်မြုံကြီးဆိုတာ Appa ဆုံးမှပင် သူသဘောပေါက်ခဲ့ရသည်။
Appa နဲ့ Omma ဟာ ရန်ဖြစ်တာရယ်လို့လဲ မရှိ သိပ်ချစ်ကျတယ်လို့ သူထင်ခဲ့ပေ့မဲ့ တကယ်တမ်းတော့ အသက်မဲ့နေခဲ့တဲ့ ဆက်ဆံရေးတွေဆိုတာ နောက်မှသဘောပေါက်ခဲ့ရသည်။ Appa ဆုံးတဲ့နေ့က Omma မငိုခဲ့သလို ငိုကြွေးနေတဲ့ သူ့ကိုလဲ နှစ်သိမ့်မပေးခဲ့ပါ။ ချစ်လို့ အတင်းလက်ထပ်ယူခဲ့တဲ့ Appa အပေါ်ကို နားလည်မပေးနိုင်သလို Appa ရဲ့ သွေးတွေ စီးဆင်းနေသော သူ့ကိုလဲ Omma က ရာခိုင်နှုန်းပြည့် မကြည်ဖြူနိုင်ခဲ့ပါ။ Appa ဆုံးပြီး နောက်မှ သိလာခဲ့သော အကြောင်းတော်တော်များများကြောင့် Omma ကို သူ ဒေါသထွက်ခဲ့သည်။
ဘာကြောင့်များ Appa အပေါ်ကို မကောင်းပေးနိုင်ရသလဲ လို့ သူမေးတိုင်း Omma က တခွန်းတည်းနဲ့အနိုင်ယူခဲ့သည်။
" ငါ့နှလုံးသားကို ငါချစ်တဲ့သူဆီပေးပြီးသွားပြီ အဲ့ဒါကြောင့် ငါ့မှာ နောက်တယောက်ကိုထပ်ချစ်ဖို့ နှလုံးသားမရှိတော့ဘူး "
" ဒါပေ့မဲ့လည်း Appa က Omma ကို သိပ်ချစ်ခဲ့တာပဲလေ "
" သူ့အချစ်ကြောင့် ငါချစ်တဲ့သူကိုဆုံးရှုံးရပြီးပြီလေ ငါသူ့ကို မမုန်းသင့်ဘူးလား "