(Zawgyi ver)
အပြင်မှာမိုးတွေက သည်းကြီးမည်းကြီးမဟုတ်ပေမယ့် အဆက်မပြတ်တဖြောက်ဖြောက်နဲ့ ရွာသွန်းနေသည်။ ရေမိုးချိုးပြီးသည်နှင့် အိပ်ယာပေါ်ကို Yeonjun ချက်ချင်းတက်ကွေးလိုက်သည်။ အိပ်ဖို့မဟုတ်ဘဲ မျက်လုံးတွေကိုစုံမှိတ်လိုက်တော့ မြင်ကွင်းတစ်ခုက မျက်လုံးထဲပေါ်လာရင်း သဘောကျစွာ ပြုံးလိုက်မိ၏။
Gyuuကို စက်ဘီးနောက်ခုံမှာတင်ရင်း မိုးရွာထဲ ထီးမဆောင်းဘဲ အိမ်ပြန်လိုက်ပို့ခဲ့တဲ့အခိုက်အတန့်လေး။ သူ့ခါးနားကို ခပ်ဖွဖွလာကိုင်တဲ့ လက်ကလေးတစ်စုံကိုလည်း မြင်ယောင်လာဆဲ။ လှည့်ကြည့်လိုက်တဲ့အခါ လှစ်ကနဲရယ်ပြတဲ့ ကလေးရဲ့အပြုံးတွေက အရမ်းကိုလှနေခဲ့တာ။ ထီးကို သူကဆောင်းစေချင်ပေမယ့် မလုံမယ့်အတူတူ ဒီတိုင်းပြန်ကြရအောင်ဆိုတဲ့ ကလေးရဲ့သဘောထားကို သူ,မလွန်ဆန်နိုင်ခဲ့။ မိုးရွာထဲစိုစိစိုစိသွားလာရတာ မကြိုက်ဘူးဆိုတဲ့ကလေးကို မိုးမစိုစေချင်ပေမယ့်လည်း...။
စားပွဲပေါ်တင်ထားတဲ့ ဖုန်းကို Yeonjunလှမ်းယူလိုက်သည်။ Gyuuကို စာပို့ရင်ကောင်းမလား??
Yeonjun ခဏလောက်စဉ်းစားပြီးမှ ဖုန်းဖွင့်ကာ Gyuuရဲ့ contactလေးကို နှိပ်လိုက်သည်။ဘာပြောရင်ကောင်းမလဲ??
ကီးဘုတ်ထက်မှာ Yeonjunရဲ့လက်တွေ အမျိုးမျိုးလှုပ်ရှားနေသည်။ အထူးသဖြင့် backspace keyပေါ်မှာဖြစ်သည်။ ရေးလိုက်ဖျက်လိုက်နဲ့ သူတကယ်ဘာပြောရမလဲမသိ။ စိတ်ရှုပ်ရှုပ်နဲ့ ဖုန်းကိုချ၍ စောင်ကိုခေါင်းမြှီးခြုံကာ သုံးလေးပတ်လောက် အိပ်ယာပေါ်မှာ လိမ့်နေမိသည်။
သူငယ်ချင်းတွေအချင်းချင်း ဘာပြောကြလဲ???
မင်ယောက်တို့၊ရီအာတို့နဲ့က အကြောင်းရှိမှ "ဟော့ကောင်ရေ ဘာဖြစ်တယ်ညာဖြစ်တယ်" ဆိုပြီး တစ်ခါတစ်လေမှ မက်ဆေ့ခ်ျပို့ဖြစ်ကြတာလေ။ အခု သူက Gyuuကို အကြောင်းမရှိအကြောင်းရှာပြီး မက်ဆေ့ခ်ျပို့ချင်နေတာဆိုတော့ ဘယ်ကနေစပြောရမှာလဲ။