Paradise ♥ S-2
{Part-6}
" အရသာမရှိဘူးလား မောင် ?"
ကလေးတွေ မနိုးခင် နံနက်စာစားနေပေမယ့် သေသေချာချာ မစားသေးတဲ့ သူ့ကို ကျွန်တော် မေးမိသည်။ T shirt အဖြူ လေးကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားတဲ့ မောင်ဟာ ပြင်ဆင်ထားမှု တစ်စုံတစ်ရာမရှိပါပဲ ချောမောနေပြန်သည်။
သို့သော်လည်း တက်တက်ကြွကြွ မရှိတာမို့ ညက အိပ်ရေးပျက်လို့ပဲလား ? အလုပ်ပြန်ဝင်မယ်ဆိုတာကြောင့်လား ? လို့ တိတ်တဆိတ် တွေးမိပြန်တယ်။ မောင် သာ ကျွန်တော့်အပေါ် အပြည့်အဝ နားလည်ထောက်ပံ့ပေးနိုင်တာဆိုလျှင် အလုပ်လုပ်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ငြိုငြင်မှာ မဟုတ်ပေ။
" မောင့် သားတွေ သမီးတွေကို မျက်နှာမငယ်စေချင်ဘူး Baek "
ကိုယ့်အတွေးနဲ့ကိုယ် ယောက်ယက်ခတ်နေတဲ့အချိန် မောင့် စကားတစ်ခွန်းဟာ ကျွန်တော့်ကို နားမလည်နိုင်မှုတွေ ပေးစွမ်းလာသည်။
" ဘာကိုလဲ မောင် ?"
လက်ထဲက တူကို ပန်းကန်ဘေးမှာ ချလျှက် ကျွန်တော့်ကို တည့်တည့်ကြည့်လာသည်။ မောင့် အကြည့်ကို အကဲခတ်နိုင်သည်အထိ ကျွန်တော် မောင့်ကို ချစ်သည်။ စိတ်ထဲမှာတော့ အကဲခတ်မိတဲ့ အမှန်တရားတစ်ခု မဟုတ်ဖို့လည်း ဆုတောင်းနေမိပြန်၏ ။
" အလုပ်လုပ်မှာကို မတားချင်ဘူး.... ဒီအခြေအနေဟာ ရှောင်လွှဲလို့မရဘူးဆိုတာလည်း မောင်နားလည်တယ်။ ဒါပေမယ့် Baek ရယ် ....."
" မောင်ကတော့ အနည်းဆုံး Baek ကို အားပေးရမှာ မဟုတ်ဘူးလား? ပင်ပန်းနေရင်တောင် ဘေးကနေ ရှိနေပေးရမှာမဟုတ်ဘူးလား ? Baek လမ်းပျောက်နေရင်တောင် မောင်က ဖေးဖေးမမနဲ့ လမ်းပြပေးရမှာ မဟုတ်ဘူးလား ? !"
ပြောရင်းနဲ့ ငိုသံစွက်လာသည်မို့ Chanyeol နေရာက ထကာ Baekhyun ဘေးမှာ ခုံဆွဲထိုင်လိုက်သည်။ သူ့ကို လှည့်မကြည့်တော့ပဲ စားပွဲပေါ်က ရေခွက်တစ်ခွက်ကိုသာ မကျေနပ်သလို ကြည့်နေသည်မို့ ပုခုံးကနေ ဆွဲယူကာ ရင်ခွင်ထဲ ထည့်လိုက်သည်။