တနင်္လာနေ့မနက်ခင်းက ထင်သလောက်ပျော်စရာမကောင်းပါ။ အရင်ကဆို နေ့တိုင်း နေဖင်ထိုးမှ ထတတ်သည့်အကျင့်ကို တစ်ပတ်အတွင်း ပြင်ပေးခဲ့သည့်လူတစ်ယောက်ကြောင့် အချိန်မှန်မျက်လုံးတို့က ပွင့်နေရသည်။ အိပ်ပျော်နေတုန်း ပို့ထားသည့် Msg တစ်ကြောင်းတစ်လေများရှိမလားလို့ ဖုန်းကိုဖွင့်ကြည့်မိသော်လည်း မျှော်လင့်မိသည်က အပိုပင်။ တစ်ပတ်လုံးအဆက်အသွယ်မလုပ်နိုင်သည်ထိ အလုပ်တွေရှုပ်နေသည်လား မပြောတတ်ပေမယ့် လာကြိုမယ့်သူ့ကားကို မျှော်နေမိသည်က လည်ပင်းကျိုးမတတ်။
ကြေးနီရောင်သန်းသော ရောင်စဉ်တန်းအချို့က အရှေ့ဘက်ယွန်းယွန်းမှ ဖြာကျနေသည်က ပြတင်းပေါက်မှန်ကို ကျော်၍ အခန်းတွင်းထိပင် ဖုံးလွှမ်းလျက်။ ဆောင်းငွေ့ပြွမ်းသည့် လေအေးလေးတို့ကြောင့် တဖြတ်ဖြတ်ခတ်နေသည့် ပန်းနုရောင်ခန်းဆီးလိုက်ကာလေးကို စိုက်ကြည့်မိတော့လည်း လူကြီးပုံရိပ်တို့သာ ပေါ်လာသည်။ အဖြူစွတ်စွတ်မျက်နှာကျက်ကို အကြည့်ပို့မိတော့လည်း ပြုံးယောင်သန်းနေသည့် လူကြီး၏ မျက်နှာချောချောက နေရာယူသည်။ အခန်းနံရံက ဆေးစိမ်စက္ကူတို့ကလည်း လူကြီး၏ လှုပ်ရှားမှုတို့နှင့် ပြည့်နှက်လျက်သာ။
၇ ရက်ဆိုသည့်အချိန်က နာရီနှင့်တွက်လျှင် ၁၆၈ နာရီရှိသည်။ ဟွန်းနီ ထိုလူကြီးကို မြင်ယောင်မိသည်က ၁၆၈ ကြိမ်မည်သို့မျှ မကနိုင်ပါ။ တစ်ခါတစ်လေ ဖက်ထားမိသည့် ခေါင်းအုံးလေးပေါ်မှာပါ သူ့ပုံရိပ်တို့ကို မြင်နေရသည်။ အိပ်ပျော်ရုံ ညတွေမှာလည်း အိပ်မက်ထဲထိ အလည်လာတတ်ပြန်တာမို့ ပြေးရန်မြေမရှိ။
အလွမ်းဆိုသည့် ခံစားချက်ကို ကောင်းကောင်းနားလည်နေပါပြီ လူကြီးရေ။
ဦးလေးကင်မ်ကိုလည်း လူကြီးပြန်ရောက်ရင် ချက်ချင်းပြောဖို့ မှာထားရသည်က နေ့စဉ်ရက်ဆက်။ ကိုကြီး Baekhyun ကတော့ သိပြီးသားမို့ ပြောနေရန်မလို။ သူမရှိတဲ့အခန်းကြီးမှာ အလုပ်မရှိပဲလည်း ထိုင်မနေချင်တာမို့ Company ကိုလည်း မသွားဖြစ်။ သူပြောသလို သူလာမှသွားလည်း ရတာမို့ Sehun အိမ်မှာသာ ပေကပ်နေမိသည်။ Jongin ကလည်း အလုပ်တစ်ဖက်နဲ့မို့ အရင်လိုအမြဲလာမနေပေးနိုင်။ သူ အားသည့်အချိန်တိုင်းတော့ အဖော်လာလုပ်ပေးရှာပါသည်။
YOU ARE READING
𝘽𝙤𝙨𝙨 𝙄𝙨 𝙈𝙞𝙣𝙚😎 (𝙍𝙚𝙥𝙪𝙗𝙡𝙞𝙨𝙝)
Romanceᴀ ᴘᴇʀꜰᴇᴄᴛ ʙᴏꜱꜱ ᴀɴᴅ ʜɪꜱ ᴄᴜᴛɪᴇ ᴘɪᴇ ꜱᴇᴄʀᴇᴛᴀʀʏ>.< ʟᴏᴠᴇ ᴍᴀʏ ᴄᴏᴍᴇ ᴡʜᴇɴ ʏᴏᴜ ᴀʀᴇ ɴᴏᴛ ᴇxᴘᴇᴄᴛɪɴɢ ᴀɴʏᴍᴏʀᴇ.