၁၂

19.7K 2.8K 214
                                    

[Unicode]
လုရှန်းကို ICU ခန်းထဲတွင် တစ်ညလုံးစောင့်ကြည့်ပြီးမှ နောက်တစ်နေ့မနက်၌ အထူးသီးသန့်အခန်းသို့ ပြန်ရွှေ့ပြောင်းပေးသည်။ လီဆွေ့က ကုတင်ဘေးမှာပဲ ထိုင်နေရင်း တုပ်တုပ်မလှုပ်ဘဲ လုရှန်းကိုသာကြည့်နေသည်။

လုရှန်းသည်ကုတင်ပေါ်မှာ တိတ်တဆိတ်လဲလျောင်းနေသည်။ ခန္ဓာကိုယ်မှာ စက်ပစ္စည်းများတပ်ဆင်ထားရသည်။ အသက်ရှူရအဆင်ပြေအောင်လည်း အသက်ရှူစက်တပ်ဆင်ထားရ၏။ တစ်ချက်လောက်လေး ထိလိုက်မိသည်နှင့် ကြေမွပျက်စီးသွားနိုင်သကဲ့သို့ လုရှန်း၏ယခုပုံစံက အားနည်းနေသည်။ လက်ဖဝါးများသည်လည်းအေးစက်နေပြီး အနွေးဓာတ်စိုးစဉ်းမှမခံစားရပေ။ အသက်ရှူလိုက်တိုင်း ရင်ဘတ်၏လှုပ်ရှားမှုမှာလည်းသေးငယ်လှသည်ကို ကြည့်နေရင်း လီဆွေ့ကြောက်ရွံ့လာသည်။ အကယ်၍ ရုတ်တရက်အသက်ရှူရပ်သွားခဲ့ပါလျှင် ... လီဆွေ့မှာ မကြာခဏအနားသို့ကပ်၍ သတိထားကြည့်နေမိသည်။

မြင်နေကျ လုရှန်း၏ထက်မြက်မှုတောက်ပမှုများသည် ယခုတော့ ဖယ်လှပ်ခံလိုက်ရသလိုပင်။ သာမန်ထက်ပို၍ ပိန်နေသည်ကို လီဆွေ့အခုမှသတိထားမိသည်။ များသောအားဖြင့် လုရှန်းက ဆောင်းကာလတွေမှာ အဝတ်ထူထူဝတ်ထားတတ်တာကြောင့် သူသိမပြုမိခဲ့။ အခုဆေးရုံဝတ်စုံ ခပ်ပွပွနှင့်မှ သိသာလာသည်။ လည်တိုင်က အလွန်သေးငယ်နုနယ်လှပြီး လက်တစ်ဖက်တည်းနှင့်တောင် ဆုပ်ကိုင်ထားလို့ရသည်။ ရင်ဘတ်၏တက်ကျလှုပ်ရှားမှုနှင့်အတူ လည်ပင်းကပါစည်းချက်ညီညီ လှုပ်ရှားနေသည်။ လီဆွေ့၏ အကြည့်က လုရှန်း၏လက်ကောက်ဝတ်ထံသို့ရောက်သွားပြန်၏။ ခွဲစိတ်ထားရသည့်အရှိန်ကြောင့် နဂိုဖြူပြီးသား လုရှန်း၏အသားအရည်သည် ပို၍ဖြူလျော့နေပြီး သွေးကြောစိမ်းများကတော့ ယခင်လို ထင်ရှားနေဆဲပင်ဖြစ်သည်။

ကုတင်ဘေးမှ EKG စက်သည် စည်းချက်ညီသောမျဉ်းကြောင်းလှုပ်ရှားမှုများကို ပြသနေသည်။ လီဆွေ့က လုရှန်း၏လက်ကိုဆုပ်ကိုင်လိုက်ပြီး နွေးသွားအောင်လုပ်ပေးသည်။ သို့သော်လည်း သူမည်မျှပင် ကြိုးစားစေကာမူ နွေး၍မလာခဲ့။ လုရှန်း၏နာမည်ကို တိုးတိုးလေးခေါ်ကြည့်သည်။ ကုတင်ထက်မှာ လဲနေသူသည် သူ၏အသံကိုမတုံ့ပြန်လာနိုင်ခဲ့။ သူ၏မျက်လုံးများက အခုထိပွင့်လာခြင်းမရှိပေ။ လီဆွေ့သည်ကုတင်၏ဘေးဘက်မှာခေါင်းမီလိုက်သည်။ ရင်းနှီးနေကျ ခေါင်းလျှော်ရည်ရနံ့က သူ့နှာခေါင်းထဲ တိုးဝင်လာ၏။ ထိုရနံ့ကြောင့် အနည်းငယ်တော့ စိတ်တည်ငြိမ်လာရသည်။

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောWhere stories live. Discover now