၄၁-၁

15.4K 2.4K 238
                                    


[Unicode]           

ဆေးအရှိန်ကြောင့် လုရှန်းတစ်ညလုံးအိပ်ပျော်ခဲ့သည်။ သူနိုးလာ၍ မျက်လုံးဖွင့်ကြည့်သည့်အခါ ပြတင်းပေါက်မှဝင်လာသော မနက်ခင်းအလင်းရောင်ကို မြင်ရလေသည်။ နောက်ဆုံးတော့ သူ၏အမြင်အာရုံသည် လုံးဝမှောင်ပိန်းနေခြင်းမရှိတော့၍ အနည်းငယ်စိတ်သက်သာရာ ရခဲ့သည်။ အကျင့်ပါနေသည့်အတိုင်း အိပ်ယာဘေးကိုစမ်းလိုက်သည့်အခါမှာတော့ ဘယ်သူမှဘေးမှာရှိမနေ။

လီဆွေ့ရှိမနေခဲ့ပေ။ စောင်အတွင်းမှာ အနွေးဓာတ်မရှိ။ ကြည့်ရသည်က လီဆွေ့တစ်ညလုံးကုတင်ပေါ်ပြန်လာအိပ်ပုံမရပေ။

လုရှန်းထထိုင်လိုက်ရာ ကုတင်ဘေးမှ ပရိဘောဂပစ္စည်းအချို့ ပျောက်ကွယ်သွားသည်ကို မြင်လိုက်မိသည်။ ကနဦးကတော့ သူ့အိမ်ထဲဖောက်ထွင်းရေးသမားများဝင်လာလေသလား တွေးမိ၏။ ခဏထပ်စဉ်းစားကြည့်မိတော့ မဖြစ်နိုင်ပေ။ ဖောက်ထွင်းသမားလက်ချက်သာဆို မီးခံသေတ္တာကိုပဲ ဖွင့်ဖို့ကြိုးစားမည်ပေါ့။ ဘာကိစ္စပရိဘောဂပစ္စည်းတွေကို ခိုးပါ့မလဲ။ ဒါကြောင့်မို့ ပစ္စည်းများရွေ့ပြောင်းလိုက်ပုံရသည်ဟုသာ သူကောက်ချက်ချလိုက်သည်။

အဝတ်လဲပြီးသည့်နောက် အောက်ထပ်ဧည့်ခန်းသို့ ဝင်သွားသည့်အခါ လုရှန်းတစ်ယောက်မင်သက်သွားသည်။

တစ်ညတည်းအတွင်းမှာပဲ စားပွဲ ထိုင်ခုံ ဗီရို နံရံ စသဖြင့် ထောင့်စွန်းချွန်ထက်သည့်နေရာအားလုံးကို ရာဘာစက္ကူများနှင့် ပိတ်အုပ်ထားသည်။ လိပ်ကန်လိုမျိုး ကွဲလွယ်သည့်ပစ္စည်းများ ဖန်ပစ္စည်းများကိုတော့ အဝေးသို့ပို့ရင်ပို့ မဟုတ်လျှင် လက်လှမ်းမမှီသော အမြင့်တစ်နေရာသို့ပို့ထားသည်။

အကြောင်းမသိသူ တစ်စုံတစ်ယောက်များ အိမ်ထဲဝင်လာလျှင် လေးဖက်ထောက်အရွယ်ကလေးမွေးထားသည်ဟု ထင်မှတ်မိလိမ့်မည်။ လုရှန်းသည် ထိုနေရာမှာပဲ ရပ်တန့်နေစဉ် သူ့နှလုံးသားတစ်နေရာ၌ သိမ့်ခနဲတုန်ရီသွားသည်။ လီဆွေ့ မနေ့ညက တစ်ညလုံးမအိပ်ဘဲ ဒီကိစ္စနှင့် အလုပ်ရှုပ်နေပုံပေါ်သည်။

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောWhere stories live. Discover now