ဆိုင်ကယ်သော့ကို ကလပ်မန်နေဂျာကြီးဆီအပ်ပြီး
မနက်မှာလာယူမယ်လို့ပြောလိုက်တော့
မန်နေဂျာရဲ့ အံသြသလိုမျက်နှာပေးပုံစံနဲ့ စပ်စုချင်နေတဲ့မျက်ဝန်လေးတွေကိုမကြိုက်တာမို့
ချက်ချင်းထသွားဖို့ ပြင်တော့ သစ္စာဖောက်ခြေထောက်တွေကခြေလျှောကျပြီး ဘဲညိုကြီးဘက် ယိုင်သွားတယ်။
ကိုယ့်ခန္ဓာကိုယ်ကိုပြန်ထိန်းလိုက်နိုင်ပေမယ့်
အခွင့်အရေးကိုစောင့်နေသလားထင်ရအောင် ဘဲကြီးလက်တွေကသွက်လက်စွာပဲ ရိပေါ်ရဲ့ခန္ဓာကိုယ်ကိုဆွဲပွေ့တယ်။"ချာတိတ်၊ မူးနေပြီလား"
မူးတော့မမူးပေမယ့် မူးချင်တဲ့စိတ်တောင်ဖြစ်လာပြီ။
ဘဲကြီးရဲ့ ခန္ဓာကိုယ်က ပိန်ပိန်သွယ်သွယ်လေး၊နောက်ပြီးခါးကိုလှမ်းဖက်တဲ့ လက်ချောင်းလေးတွေကလည်း သေးသေးသွယ်သွယ်လေးတွေ။
အိစက်စက်အထိအတွေ့ကိုရဖို့ နေနေသာသာ
ဘယ်နေရာထိကြည့် ထိကြည့် အရိုးတွေပဲရှိတယ်။
သို့ပေမယ့် သူသဘောကျတယ်။
ထိတွေ့လို့ကောင်းသားပဲ။
ဘဲကြီးရဲ့ ခါးသေးသေးကို ပြန်ပြီး ဖက်တွယ်ထားလိုက်တယ်။အသားယူတာမျိုးမဟုတ်ပေမယ့်
ဒီအချိန်မှာ ရိပေါ်က အကူအညီလိုနေတဲ့သူပဲလေ။
ဘဲညိုကြီးရဲ့ ခန္ဓာကိုယ်ကသတိထားမိလောက်တဲ့အထိ တော်တော်ကို မွှေးနေတာ။
ရေမွှေးနံ့လည်းမဟုတ်သလို ဂျိုင်းလိမ်းဆီအနံ့လည်းမဟုတ်ဘူး။
ခန္ဓာကိုယ်ကထွက်တဲ့ ကိုယ်သင်းရနံ့က plumeria ပန်းလိုမျိုးအနံ့ သင်းထုံပြီး မွှေးကြိုင်နေတယ်။
ဘဲကြီးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက စွဲမက်စရာတစ်နေရာမှ ရှိမနေပင်မယ့် ရိပေါ်ကြိုက်တယ်။
တစ်ခုပဲ။
ဘဲကြီးသာ ရိပေါ်ထက် အရပ်နည်းနည်းပုနေရင် ပိုပြီးအဆင်ပြေမယ်။
ခုတော့ ဘဲကြီးက ၆ပေပြည့်တဲ့အရပ်ကြီးနဲ့ သူ့ပခုံးကိုမှီထားတဲ့ ရိပေါ်က ဘဲကြီး ပြုရာနုရမယ့် ကလေးသူငယ်လေးလိုဖြစ်နေတာ စိတ်မချမ်းမြေ့စရာတော်တော်ကောင်းတယ်။
ရိပေါ်က အမြဲတမ်းဦးဆောင်သူပဲ ဖြစ်လာတာမို့
ဒါအခြေအနေအတိုင်းဆို လက်ဦးမူ ရယူထားနိုင်မှ ဖြစ်တော့မယ်။ကားပါကင်နေရာလည်းရောက်ရော
သူခေါ်သွားတဲ့နေရာမှာရှိနေတဲ့ကားက
နီရဲထွေးနေတဲ့ McLaren(720s) ။
အနီရောင်ပြိုင်ကားလေးကို ကြည့်ပြီး ဘဲကြီးကို နည်းနည်းတော့ ရှိန်သွားတယ်။
ဘဲကြီးက ငွေကြေးအတွက်နဲ့တော့ သူ့အနားလာကပ်တာ မဟုတ်ဘူး။
ဒါဆို ဘာကြောင့်လဲ?