☁️①⑧☁️

4.9K 515 18
                                    

လူတို့၏ စိတ်အခြေအနေသည် အချိန်အခါမရှိလှစွာ အမြဲတစေ ပြောင်းလဲတတ်သည့် သဘောမှာရှိ၏။

ထို့ကြောင့် Jungkook သည် Taehyung ဆီမှ ဆိုးလ်ကို ပြန်ရအောင်ဟူသော စကားတစ်ခွန်းအပေါ် တစ်ချက်ကလေးမှ အတိမ်းအစောင်းအဖြစ်မခံပါ။

ညတွင်းချင်း ဆိုးလ်သို့သွားရန်အတွက် စိုင်းပြင်း‌နေလျက် Taehyung အနားကနေလည်း တစ်စက်ကလေးမှ မခွာ။ စာကြည့်တိုက်မှူးဦးလေးကတော့ မြန်ဆန်လွန်းလှသော ဤအဖြစ်အပျက်ကြောင့် အံ့သြတကြီး ပါးစပ်အဟောင်းသားနှင့်ဖြစ်ကာ Taehyung အား ကသောကမျော နှုတ်ဆက်ရှာသည်။

"ပြန်‌တွေးကြည့်တော့ Taehyung ဒီကို ရောက်လာတာ မနေ့တစ်နေ့ကလိုပါပဲလား။ အခု ဆိုးလ်ကို ပြန်သွားတော့မယ်ဆိုတော့ ဦးလေးတော့ သတိရနေတော့မှာပဲ"

"ကျွန်တော် မကြာမကြာ လာလည်မှာပါ။ ဦးလေးလဲ ကျန်းမာရေးဂရုစိုက်နော်"

ဦးလေးကြီးရှေ့မှာပင် မိမိ၏ လက်တစ်ဖက်မှာ ပိုင်ဆိုင်ကြောင်းပြလိုသူ၏ အတင့်ရဲစွာ ဆုပ်ကိုင်ထားခြင်းကို ခံနေရသဖြင့် Taehyung သည် မနေတတ်သလိုလေးဖြစ်ကာ ကျန်သည့်လက်တစ်ဖက်ဖြင့် လည်ပင်းကို ပွတ်သပ်လျက် အားနာပြုံးလေး ပြုံးပြမိရသည်။

ဦးလေးကြီးကတော့ မည်သည်ကို ကျေနပ်နေသည်မှန်းမသိ။ ခေါင်းတညိတ်ညိတ်လုပ်ရင်း ဆိုးလ်အထိပင် အတင်းလိုက်ပို့ပေးမည်လုပ်နေ၍ Taehyung မှာ ပျာပျာသလဲ ငြင်းမိသော အဖြစ်ပါပေ။

"ရပါတယ် ဦးလေးရဲ့။ ဦးလေး လိုက်မပို့လဲ ဖြစ်တာကို။ ကျွန်တော်တို့လဲ အခုချက်ချင်း မသွားသေးဘူးလေ။ ဘာတစ်ခုမှ မစီစဉ်ရသေးဘူးဆိုတော့"

"Tae...မဟုတ်ဘူးလေ..."

မိမိလက်အား လှုပ်သည်ဆိုရုံလေး ကိုင်လှုပ်လာကာ လေသံသဲ့သဲ့‌လေးနှင့် သတိပေးလိုက်ပုံရသောကြောင့် ပြောလိုက်သည့်အထဲမှာ ဘာများ အမှားပါသွားလို့လဲ ဟူ၍ ငဲ့ကြည့်မိရပြန်သည်။ ထိုအခါ မှိုင်တွေကျသွားသည့် မျက်နှာ‌အမူအရာနှင့်အတူ သူ့အား ခပ်မဆိတ် ငေးကြည့်နေလျက်ရှိကာ တစ်စုံတစ်ခုကို ပြောချင်နေပုံရသည့် မျက်လုံးဝိုင်းလေးများကမူ အရောင်တလဲ့လဲ့နှင့် ထိုထက်ပို၍လည်း စောဒကတက်ခြင်းမရှိ၊ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေသည်ကြောင့် အကြည့်ချင်းတော့ တစ်ခဏမျှ စီးချင်းထိုးမိသည်။

Cloudy【Completed】Where stories live. Discover now