☁️②①☁️

6.1K 473 8
                                    

"တီ...တီ...တီ..."

မနက်ခင်း၏ နှိုးစက်နာရီသံ တတီတီက နိုးတစ်ဝက်၊ ပျော်တစ်ဝက်ဖြစ်နေသည့် သူ့အား ရုတ်ခြည်းပင် အိပ်ချင်စိတ်ပြယ်စေသလို လေးလံနေသည့် သူ့မျက်ဝန်းများကိုပင် ချက်ချင်းဆိုသလို ပွင့်လာစေခဲ့သည်။

အခန်းတွင်းသို့ ပျံ့လွင့်လာသော လီမွန်ရနံ့ သင်းပျပျလေးများကမူ သူ့မနက်ခင်းအား ပထမ‌ဦးစွာ အစီအစဉ်မကျ နှုတ်ဆက်လာပါ၏။

အိပ်မက်မဟုတ်သော လက်တွေ့ဆန်ဆန် မနက်ခင်းတစ်ခုဖြစ်နေသည့်တိုင် သူက ဤအနေအထားကို သဘောမကျပါချေ။ မျက်ဝန်းအစုံအား ဖွင့်လျှင်ဖွင့်ချင်းမှာပင် သူ အမြဲတ‌စေ ထွေးပွေ့ထားချင်သည့်၊ နွေးထွေးနေသည့် ခန္ဓာကိုယ်တစ်ခု ရှိမနေခဲ့သည်က သူ့စိတ်အစဉ်အား အနည်းငယ်မျှ သရိုးသရီဖြစ်စေပါ၍။ ထို့အတူ အိပ်ရာနိုးနိုးချင်း လီမွန်နံ့သင်းနေသည့် ဆံနွယ်များထဲ မျက်နှာအပ်ထားချင်မိသည့်လူက သူ့အနားမှာ ရှိမနေခဲ့ခြင်းကြောင့် သူ့မနက်ခင်းက သာမန်နေ့များနှင့် မတူဘဲ အကျည်းတန်နေသည့်အလား ခံစားလိုက်ရတော့သည်။

မိခင်ရင်ခွင်ပျောက်သည့် ကလေးငယ်ပမာဖြစ်နေသည့် သူ့အဖို့ မိမိဘက်မှ မေတ္တာများ တနင့်တပိုးပေးချင်သူအား အစဉ်အမြဲ တွေ့မြင်ချင်မိသည်ကလည်း အခက်သားပါပင်။

"Tae..."

ရေရွတ်မိသည့် နာမ်စားလေး၏နောက် တတိတ်တိတ် ပိုတိုး၍ ခုန်နေမိသည့် နှလုံးသားတစ်စုံကြောင့် သူ ပြုံးမိရပြန်သည်။

အပြုံးများနှင့်အတူ ငေါက်ခနဲထထိုင်မိကာ စိတ်ကြည်ရွှင်ဖွယ် မျက်နှာလေးအား ချက်ချင်းပင် မြင်တွေ့ချင်မိသော စိတ်အာသီသကြောင့် သူသည် အခန်းထဲမှ ထွက်လာမိရကာ သူ့အချစ်ကလေးကိုပင်် အရင်ဦးစွာ ရှာဖွေမိရတော့သည်။

အသံကြားနေသည့်နေရာမှာ မီးဖိုခန်းဆီမှဖြစ်၍ ထိုနေရာသို့သာ သူက ဦးတည်သွားလိုက်မိပါ၏။

သူ့အား စက္ခုပသာဒ ဖြစ်စေပါသည့် အနှီကျက်သရေဓာတ်လေးသည် ထိုမီးဖိုခန်းထဲ၌ ကုပ်ကုပ်ရုပ်ရုပ်နှင့် မည်သည်တို့အား လုပ်ဆောင်နေခြင်းမှန်း မသိရပါချေ။

Cloudy【Completed】Where stories live. Discover now