☁️②⓪☁️

5.7K 497 23
                                    

မွှေးပျံ့နေသော ကော်ဖီရနံ့တို့နှင့်အတူ သင်းပျပျ စာအုပ်ရနံ့တို့ပေါင်းစပ်နေသည့်‌ တိတ်ဆိတ်ငြိမ်သက်ရာ ကော်ဖီဆိုင်လေးအတွင်းဝယ် အလိုမကျသံနှစ်ခုမှာ ရှေ့နောက်ဆိုသလို ပေါ်‌ထွက်လာ၏။

"Jungkook..ကော်ဖီထဲကို ချောကလက်တွေ ထည့်လိုက်တာလား"

"အားလားလား ချဉ်လိုက်တာ လာတေးကြီးက။ Jungkook ရေ။ မင်း ငါ့ကော်ဖီထဲကို သံပရာသီးတွေများ မှားညှစ်မိသွားသလားကွာ။ အဲလိုအရသာကြီး ငါမကြိုက်ပါဘူးဆိုမှ"

ထိုအသံနှစ်သံမှာ သူ့ဆိုင်သို့ နေ့တိုင်းနီးပါးဆိုသလို နားဒုက္ခလာပေးတတ်သော ဆရာဝန်စုံတွဲဆီမှ အသံများသာ ဖြစ်ပါသည်။

Yoongi Hyung ၏ ခပ်အေးအေး စကားသံနောက်ကနေ တစ်ပြိုင်နက်ထွက်ပေါ်လာသည်က Hoseok Hyung ၏ စူးရှလှသော အော်ဟစ်ပြောဆိုလိုက်သံပင်။ ထိုအသံများက သူ့အား ကော်ဖီဆိုင်ပင် ပိတ်ပစ်ချင်မိရသည်အထိ ဖိအားများ ပေးနေသည့်အလား။

စိတ်နှင့်ကိုယ်မကပ်မိဘဲ လုပ်မိရသည့် လုပ်ရပ်တစ်ခုအား စူးစမ်းမိရသော် သူက ရယ်ရမည်လား၊ ငိုရမည်လားပင် မသိတော့‌ပါချေ။ အကြောင်းမှာ ဘလက်ကော်ဖီထဲသို့ သံပရာသီး ညှစ်ထည့်‌ပေးရမည့်အစား လာတေးထဲသို့ မှားညှစ်မိသွားခြင်းပင်ဖြစ်ပါ၍။

သို့ရာတွင် ယခုရက်ပိုင်းအတွင်း စိတ်နှင့်ကိုယ် မကပ်လှသည့် သူ့အဖို့ ဤကဲ့သို့ တလွဲဖြစ်ရပ်များကို မသိလိုက်မသိဘာသာဖြင့် ဖန်တီးယူနေမိရသည်မှာလည်း အမှန်ပါပင်။ ထို့ကြောင့် မိမိ၏ လုပ်ရပ်မှားများအတွက် ထောက်ပြနေသူများ ရှိသည့်တိုင် သူက မည်သည်ကိုမျှပင် ပြန်လည်တုံ့ပြန်ခြင်း မပြုနိုင်ပါချေ။

Yoongi Hyung ၏ ဘလက်ကော်ဖီအရသာက သိပ်ဆိုးရွားလှမည် မဟုတ်ပေမဲ့ အချဉ်၊အချို၊ အခါး ရောစပ်သွားပါသည့် Hoseok Hyung ၏ လာတေးကော်ဖီကတော့ လျှာဖျားမှာတင် ဆိုးဆိုးရွားရွားနှင့် အီစလံဝေသွားနိုင်လောက်သည့် အရသာဖြစ်နေမည်မှာ သေချာပါ၏။

"အာ~ကျွန်တော် မှားထည့်မိသွားတာ Hoseok Hyung..။ တကယ်တောင်းပန်ပါတယ်ဗျာ။ ကျွန်တော် နောက်တစ်ခွက် ဖျော်ပေးမယ်နော်။ Yoongi Hyung ရောပဲ ခဏလေးနော်"

Cloudy【Completed】Where stories live. Discover now