[Unicode]
'ခင်ဗျားက ဘာလိုချင်တာလဲ' ဆိုတာ ကောင်လေးဆီက ထွက်လာတဲ့ အေးစက်စက်အသံပဲဖြစ်တယ်။
ရှောင်းကျန့်က လက်ထဲက ပုံကြမ်းစာအုပ်ကို ရင်ဘတ်ထဲ အပ်ထားလို့ ခပ်တင်းတင်းကိုင်ထားတယ်။ ရှောင်းကျန့်က သူ့ရဲ့ ပုံကြမ်းကို ကောင်လေး မြင်သွားမှာ စိုးထိတ်လို့နေတယ်။
ပုံက အပြီးမသတ်ရသေးဘူး။ ဒါကြောင့်မို့ ကောင်လေးကို မမြင်စေချင်ဘူး။
"ဝမ်ရိပေါ် အဲ့မှာ ဘာလုပ်နေတာလဲ။"
ချွေးစေးတွေပါ ပျံနေပြီဖြစ်တဲ့ ရှောင်းကျန့်က ဘာမှ ပြန်မပြောရသေးခင် အနောက်ကနေ စကားသံကြားရတယ်။ ကောင်လေးရဲ့ သူငယ်ချင်းတွေဖြစ်ပုံရမယ်။ ကောင်လေးက သူ့ကို ခပ်စိမ်းစိမ်းတစ်ချက်ကြည့်ပြီး သူငယ်ချင်းတွေဆီ လှည့်ထွက်သွားတယ်။
ဒီတော့မှ ရှောင်းကျန့် သက်ပြင်းအသာချနိုင်တယ်။ ကောင်လေးမျက်နှာကို သူ သေသေချာချာ ဖတ်လိုက်ရတယ်။ သူ့ရဲ့ အပြီးမသတ်နိုင်သေးတဲ့ ပုံကြမ်းကို အခု အပြီးသတ်နိုင်ပြီပဲ ဖြစ်တယ်။
ကောင်ကလေးက တကယ်တော့ ကျားနာပေါက်လေး။ သူကိုယ်တိုင်က နာကျင်နေရတာမို့ သူများကိုလည်း နာကျင်စေဖို့ ဝန်မလေးဘူး။
ရှောင်းကျန့် အသာလေး မှတ်ထားလိုက်တယ်။ ကောင်လေးနာမည်က ဝမ်ရိပေါ် တဲ့။
...
.
.
ဘရွတ်ကလင်းဘူတာရုံမှာ ကောင်လေးကို မတွေ့ရတာ ရက်ပေါင်း ၃၀ ရှိသွားပြီပဲဖြစ်တယ်။ ရှောင်းကျန့်က ဒီရက်တွေမှာ ကောင်လေးကို ဘူတာရုံမှာ လာစောင့်နေခဲ့တယ်။ ဘရွတ်ကလင်းဘူတာနေဝင်ချိန် ပုံကြမ်းပန်းချီကလည်း အပြီးသတ်သွားပြီ။ ရှောင်းကျန့်က ကောင်လေးနဲ့ နောက်တစ်ခေါက်များ တွေ့ခဲ့ရင် ကောင်လေးကို လက်ဆောင်ပေးမလား စဉ်းစားထားတယ်။
"ကျွန်တော့ကို လာရှာတာလား။"
ဘူတာရုံမှာ ကောင်လေးကို တွေ့လိုတွေ့ငြား ဟိုဟိုဒီဒီ ရှာနေတုန်း အနောက်ကနေ အသံထွက်လာလို့ ရှောင်းကျန့် ထခုန်မတတ် လန့်သွားတယ်။