[Unicode]
ရိပေါ်ရင်ခွင်ထဲမှာ ဝတ်လစ်စလစ်နဲ့ နိုးလာရတဲ့ မနက်ခင်းက နေသာတယ်။ အိပ်မောကျနေတဲ့ ရိပေါ်ရဲ့ မျက်နှာကို ခပ်ဖြေးဖြေး မော့ကြည့်တယ်။ နှုတ်ခမ်းတွေက ခပ်တင်းတင်းစေ့ထားတယ်။
ကြမ်းရှတပ်မက်တဲ့ အနမ်းတွေ ထပ်ရဦးမလား ဆိုတဲ့ အတွေးနဲ့ ရိပေါ်နှုတ်ခမ်းကို ဖြေးညင်းညင်သာစွာ ထိကိုင်တယ်။ ဖွဖွလေးမှ တကယ်ဖွဖွလေး...။ ဒီလူ အိပ်ရာကနေ နိုးသွားမှာ စိုးတဲ့စိတ်နဲ့။
ပခုံးပေါ်ထိ နွယ်ကျတဲ့ ဆံနွယ်စရှည်ကနေ မျက်ဝန်းအောက်က မျက်ကွင်းညိုညိုတွေအထိ ဒီကောင်လေးက... လှတယ်။ ဖြစ်နိုင်တယ်။
သူတို့နှစ်ယောက်ကို လွှမ်းခြုံထားတဲ့ ဂွမ်းကပ်စောင်အောက်က ရိပေါ်ရဲ့ ဝတ်လစ်စလစ် ခန္ဓာကိုယ်က ကြွက်သားတွေ၊ လည်ပင်းက အကွေးအကောက်သဘောရှိတဲ့ လည်စလုပ်၊ ပခုံးတစ်ဖက်မှာရှိတဲ့ မှဲ့နက်သေးသေးလေး၊ ကော့ညွတ်နေတဲ့ မျက်တောင်စင်းတွေ...။ မတွေ့ရတာ ကြာနေခဲ့တဲ့ အချိန်တွေအတွင်းက ဒီလူရဲ့ အစိတ်အပိုင်းတစ်ခုစီတိုင်းမှာ သူဟာ ကြည်နူးနစ်မျောတယ်။
ရိပေါ်... သူ့ရဲ့ ရိပေါ်။
သူ့ရဲ့ ရိပေါ်တဲ့လား...။
ဒါဆို ရေချယ်ကကော...။
ဟင့်အင်း...။
ရိပေါ်က...
ရိပေါ်က သူ့အပိုင်၊ သူ့လူ။ ဒါက ရှောင်းကျန့်ရဲ့ *အဇ္ဈတ္တထဲက လောဘသေးသေးလေး ဖြစ်တယ်။
သူ ရိပေါ်ကို ချစ်တယ်။
ရိပေါ်က လူရှုပ်လူပွေ။
သူ ရိပေါ်ကို မချစ်ခဲ့သင့်ဘူး။ ရိပေါ်ကို ချစ်ရလွန်းလို့ ဒီအချိန်တွေမှာ အရူးတစ်ပိုင်းဖြစ်နေရပြီပဲ။ မေ့ထားလိုက်သင့်ပြီ။
ရှောင်းကျန့်က လူတစ်ယောက်ရဲ့ မျက်နှာရိပ်မျက်နှာကဲခတ် အရမ်းတော်တယ်။ ဒါပေမဲ့ ရိပေါ်စိတ်ထဲ ဘာရှိနေလဲ သူမသိဘူး။ အထူးသဖြင့် ရိပေါ် သူ့အနားရှိနေတဲ့အချိန်၊ ရိပေါ်အနမ်းတွေရနေတဲ့အချိန်၊ သူက ရိပေါ်ရင်ခွင်ထဲ ရောက်နေချိန်တိုင်းပါပဲ။