ရှန်ဟိုင်းရဲ့ နွေရာသီမနက်ခင်းတွေက အရမ်းသာယာတယ်။
သူ့ဘေးနားမှာ ရိပေါ် မရှိတော့တာက လွဲလို့ပေါ့။
နွေရာသီ ၅ခု။ အတိအကျ ပြောရရင် သူ ရိပေါ်ဘေးကနေ ထွက်သွားတာ ၅နှစ် ရှိသွားခဲ့ပြီ။
အချိန်တွေက ကုန်ဖို့အရမ်းလွယ်တယ်။ မလွယ်ကူတာကတော့ စိတ်နှလုံးတွေပဲ ဖြစ်တယ်။
သေမတတ် လွမ်းနေခဲ့ရတာတွေ
လွမ်းတိုင်း ပြေးတွေ့ချင်နေခဲ့တာတွေ
ရင်ခွင်ထဲ ခေါင်းတိုးပြီး မင်းမရှိလို့ မဖြစ်ဘူး ဆိုပြီး ဖွင့်ဟချင်တာတွေ
ဒီစိတ်တွေကို ဘယ်လိုချိုးနှိမ်ခဲ့ရသလဲ ဘယ်သူ သိမလဲ။
Active မဖြစ်တော့တဲ့ သူ့ရဲ့ weibo အကောင့်ကို တခြားအကောင့်တစ်ခုနဲ့ ခဏခဏ ဝင်ကြည့်တယ်။ ရိပေါ်ရဲ့ ကောမန့်တွေ၊ စနောက်ကျီစယ်ဖူးခဲ့တာတွေ ဒါတွေကို အမှတ်ရမိတိုင်း လွမ်းတဲ့ စိတ်တွေပဲ ပို ပိုလာရပါတယ်။ ဒီ ၅နှစ်ကို ဘယ်လိုစိတ်နဲ့ ကျော်ဖြတ်ခဲ့လဲ သူကိုယ်တိုင်လည်း သေချာမသိဘူး။ သတိဝင်တော့မှသာ နောက်ပြန်လှည့်ကြည့်မိတဲ့အချိန်မှာ ငါးနှစ် ဆိုတဲ့ အချိန် ကုန်ဆုံးသွားပြီပဲ ဖြစ်တယ်။
ရယ်တော့လည်း ရယ်ရသား။ ရိပေါ်မှ မရှိရင် မနေနိုင်ပါဘူးဆိုတဲ့ သူက ရိပေါ် မရှိတဲ့ ငါးနှစ်ကို တောင့်ခံနိုင်ခဲ့တာပဲမလား။ ဘယ်လိုစိတ်နဲ့ ဒီစကားတွေကို ပြောခဲ့တာလဲ။
လိမ်ခဲ့တယ်...။
အဆုံးသတ်မှာတော့လည်း သူတို့နှစ်ယောက်လုံးဟာ တစ်ယောက်ရဲ့ စိတ်နှလုံးကို တစ်ယောက်က အပြန်အလှန် လိမ်ညာခဲ့ကြတာပဲ မဟုတ်လား။
လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ရိပေါ်ရဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲကို ရှောင်းကျန့် တိတ်တိတ်လေး သွားကြည့်ဖူးခဲ့တယ်။ ပြေးလမ်းပေါ်က ရိပေါ်၊ ပြိုင်ပွဲပြီး ဦးထုပ်ကို ချွတ်လိုက်တဲ့ ရိပေါ်၊ ကိုယ်ပေါ်မှာ သီနေတဲ့ ချွေးစက်တွေကစ အနိုင်ရဖလားကို ကိုင်ထားတဲ့ ရိပေါ်က အရမ်းကို... အရမ်းကိုပဲ သူနဲ့ ဝေးကွာလွန်းနေခဲ့တယ်။