[Unicode]
အချစ်ဆိုတာ
ကောင်းကင်တမန်တော်တွေက
ကြယ်လေးတွေကို
နှုတ်ဆက်တာပဲ တဲ့။
ဆိုပါတော့ ရိပေါ်ရယ်...
ငါသာ မင်းကို မချစ်ခဲ့ဘူးဆိုရင် မင်း ဘယ်သူနဲ့ ရှိနေမလဲ။
...
"မင်း အခု ဘာတွေလုပ်နေတာလဲဆိုတာကို ဖေဖေမသိဘူးလို့များ ထင်နေတာလား ရှောင်းကျန့်။"
သူ့ရှေ့က လူက ဒီစကားတွေကို ကော်ဖီလေးတစ်ငုံ သောက်ရင်း အေးအေးဆေးဆေးပဲ ပြောသွားတာပဲဆိုပေမဲ့ ရင်တွေပူနေရတာကတော့ ရှောင်းကျန့်ရယ်ပါ။
"ဖေဖေ တော်တော်နေမကောင်းဖြစ်နေတယ် မင်းစိတ်နဲ့ရော သူ့ရောဂါအခံနဲ့ရော။"
ကိုကို့ပြောစကားကြောင့် အတုန်တုန်အယင်ယင်ဖြစ်ရပြီး ကိုင်ထားတဲ့ ကော်ဖီခွက်က လက်ထဲကနေ ပြုတ်ကျသွားရတာကြောင့် အနီးနားက ဝိတ်တာလေးက လာသုတ်ပေးရတဲ့အထိ။
"ပိုးဖလံမျိုးက မီးကိုတိုးတတ်တယ်ဆိုပေမဲ့ ကိုကိုကတော့ မင်းကို ပိုးဖလံမဖြစ်စေချင်ဘူး ရှောင်းကျန့်။ သူက မင်းအတွက်မကောင်းဘူး။ ကျောင်းပြီးတာနဲ့ အိမ်ပြန်လာခဲ့ပါ။"
ကိုကိုက ပြောစရာစကားရှိတာ အကုန်ပြောပြီး ထွက်သွားတယ်။ ရှောင်းကျန့်တစ်ယောက်ကပဲ အတွေးပေါင်းများစွာနဲ့ နေရာမှာ ကျန်ခဲ့လို့။
တန်ရဲ့လား။
သူ့ရဲ့ အရာရာကို စွန့်ပစ်ပြီး ရိပေါ်ကို ဆက်ချစ်နေဖို့က တန်ရဲ့လား။
ဖေဖေက မိတဆိုးလေးသူ့ကို အရာရာ အလိုလိုက်ခဲ့တယ်။
ရှောင်းကျန့်က သူ့ကိုယ်သူ လိင်တူချစ်သူဖြစ်ကြောင်း ဖွင့်ဟတဲ့အခါမှာလည်း သူ့ဘေးနားမှာ လက်ကိုမြဲမြဲဆွဲလို့ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့သူက ဖေဖေပါ။
ငယ်ငယ်ကတည်းက ပန်းချီဆွဲတာက ဘဝရဲ့ နေရောင်ခြည်ဖြစ်ခဲ့တာမို့ ပန်းချီဆရာတစ်ယောက်ဖြစ်ဖို့ အားအင်တွေပေးခဲ့တာကလည်း ဖေဖေပါပဲ။