Unicode
အိမ်ထဲမှ ထွက်လာသောအခါ မေမေအပြင် ညီလေးပါ ပါလာလေသည်။
'ဟာ...ဇွဲ စာမလုပ်ဘူးလား ဘာလို့လိုက်လာတာလဲ..'
'ဘာလဲ မလိုက်ရဘူးလား...'
'လိုက်ပါဗျာ ကိုကြီးကဘာမှမပြောပါဘူး...'
'ကိုကြီးကလည်း သားစာလုပ်နေတာကြာပြီဗျ ခနနားတာအနေနဲ့ လိုက်ခဲ့လိုက်တာ...'
ဇွဲက ကားနောက်ခန်းတွင်၀င်ထိုင်လိုက်ရင်း ပြောလိုက်သည်။
ဇွဲနှင့် ကျွန်တော် အသက်သာ သိပ်မကွာသော်လည်း အခုထက်ထိ သူကကလေးလိုပင် စကားပြောလျှင်လည်း"သား"ဆိုသည့်နာမ်စားကို ပါးစပ်ကပင်မချ။ ပြန်စဉ်းစားကြည့်တော့လည်း ဟုတ်ပါသည်လေ ကျွန်တော်နှင့် မေမေက အိမ်တွင်အငယ်ဆုံးဖြစ်သော ဇွဲကိုပင် အလိုလိုက်ထားသည်မဟုတ်လား။
'ဟုတ်တယ် သားကြီးရေ မင်းညီလေးက စာလုပ်နေတာကြာလာပြီ ပြီးတော့ ညကြီးဆိုတော့ တစ်ယောက်တည်းမထားခဲ့ချင်လို့ ခေါ်ခဲ့လိုက်တာ..'
'ဟုတ်ပါပြီ..'
လမ်းလေးအတိုင်း ကျွန်တော်တို့ ပြနေကြဆေးခန်းသို့ ပုံမှန်လေးမောင်းခဲ့လိုက်သည်။
ဆေးခန်းရှေ့တွင် ဆိုင်ကယ်များရပ်ထားသောကြောင့် ဆေးခန်းကိုကျော်၍ ရှေ့နားတွင် ကားကိုကပ်ရပ်လိုက်သည်။
'မေမေ ရောက်ပြီ'
ကားလောခ့် ချကာ မေမေ့ကိုလက်တွဲ၍ဆေးခန်းထဲသို့၀င်လာခဲ့လိုက်သည်။ ကျွန်တော်တို့၀င်လာသောအခါ သူနာပြုမလေးတစ်ယောက်က ဆေးခန်းပြရန် တိုကင်ပြားလေးကို လာပေးသည်။ နံပါတ်၄ တဲ့...သိပ်မစောင့်ရဘူး ထင်ပါရဲ့။
ထိုင်ခုံအလွတ်တွင် ၀င်ထိုင်လိုက်ကာ ဆေးခန်းပြရန်အချိန်ကို စောင့်နေလိုက်တော့သည်။ အသက်ရှူကြပ်သောကြောင့် ဆေးခန်းအပြင်သို့ ခနထွက်ကာ လေကောင်းလေသန့်ကို ခဏတာရှူရှိုက်မိနေတော့သည်။ထိုအချိန်တွင် မျက်လုံးဒေါင့် တစ်နေရာတွင် ဆေးခန်းထဲသို့ လူနှစ်ယောက်၀င်သွားသည်ကို တွေ့လိုက်ရသည်။ အော်..သူတို့လည်း ဆေးခန်းလာပြသည်လား ကျွန်တော့်အထင် သူတို့ကနံပါတ်၅ဖြစ်သည်ထင်ပါရဲ့
YOU ARE READING
ငြိုးစွဲ(U+Z)
Teen Fictionခက်စွဲမာန် ငြိုးငယ်သစ် သခွပ်ဖြူ ဘာအကြောင်းလဲ.....HE or SE... guess readers!!!