"ဒီမှာ ဒီမှာ"
"ဘာလဲ"
"ခင်ဗျားဟာ တစ်တောင်းလုံးစားရင်တောင် ချီးတစ်တုံးမဖြစ်ဘူးထင်တယ်"
မုန့်လေပွေရောင်းသည့် စျေးသည်ကို ဘေဘီတီးက ဆိုလိုက်သောကြောင့် မုန့်သည်ကတော့ ထဘီမကာ ဖိနပ်ချွတ်ပြီး လိုက်ပေါက်တော့၏။
"ဟဲ့! ဒီမှာ "
"တီတီး မင်း ပြေးသာပြေးတော့"
အိမ်အရှေ့က လှမ်းမြင်သည့် ဖိုးတုတ်က သူ့ကို သတိပေးလိုက်သည့်အခါ သူကလည်း မွှေပြီးလျှင် ပြေးသည့်လူစားဖြစ်၍ ခြေကုန်သုတ်ပြေးရတော့၏။
"ဟဲ့...ဟဲ့ အမော တကောနဲ့ ဘေဘီတီး ဘယ်ကလှည့်လာတာလဲ"
လမ်းထိပ်ရောက်မှ ထမင်းရောင်းသည့် အန်တီလင်းက ဆိုင်ထိုင်ရင်း မေးသည်။ သူကလည်း အသက်ကို ကောင်းကောင်းမရှူရ အန်တီ့သမီး ခင်ခင်သူ ချပေးသည့်ရေအား မော့သောက်လိုက်ကာမှ အမောပြေတော့၏။
"ဘာရယ်မဟုတ်ပါဘူး"
"ဘာတွေ မွှေလာပြန်တာလဲ"
"ဟား...နိုး... နိုး တီးတီးတို့က လုံးဝ မမွှေဘူး"
"ဟုတ်ရော ဟုတ်လို့လား"
"နိုး ပရော်ပလန်..."
အန်တီလင်းနှင့် မခင်ခင်သူကို လက်ခါပြပြီး သူငြင်းလိုက်၏။ သို့သော်လည်း အန်တီလင်းကတော့ သူ့အကြောင်းကောင်းကောင်းသိထားသူဖြစ်၍ မယုံသလိုနှင့် မဲ့ရွဲ့ပြ၏။
"ဘာမှ မမွှေရင်ပြီးရော... နင့်အိမ်မှာ မန္တလေးက ဧည့်သည်တွေ ရောက်နေတယ်။ နင့်အမေက နင်လာရင် ပြောပေးပါဆိုလို့"
"ဟွန့်... ဒေါ် စိန်ခင်ထားတို့များ သားကိုသူများနဲ့ မှာခိုင်းလိုက်သေးတယ်။ ရှက်စရာကောင်းလိုက်တာ"
"ဟဲ့! နင်ကရော အိမ်မှာကပ်လို့လား တစ်ရပ်ကွက်လုံးပတ်မွှေနေတာလေ။ နင့်အကြောင်းသိလို့ လိုက်ရှာရင် မိုးပဲချုပ်သွားလိမ့်မယ်"
"အန်တီကလည်းကွာ... ကြက်ဥနှစ်လုံး ယူသွားတယ်နော်။ အကြွေးမှတ်ထားလိုက်"
ပန်းကန်ထဲက ကြက်ဥနှစ်လုံးကို ကောက်ယူပြီး ဆိုင်ထဲက လစ်ထွက်လာတော့သည်။
YOU ARE READING
မောင်ကြီးစကား မပါယ်လိုငြား
Fantasyမောင်ကြီးစကား၊ မောင်ကြီးသဘော အကုန်လုံး ဘေဘီတီး မပါယ်ပစ်ပါ။