"ဟီး...အီးး"
"ဟ မလှထွေး ဘာဖြစ်တာလဲ"
ဘေဘီတီးတစ်ယောက် ပျင်းပျင်းနှင့် လမ်းထွက်လျှောက်ရင်း အရီးအေးတို့အိမ်ရှေ့ဖြတ်လျှောက်မိတော့ ငိုယိုနေသော မလှထွေးကို မြင်လိုက်သည်။ နဂိုတည်းက စပ်စုချင်သည့် ငမွှေထိုးက ပုဆိုးကို ခပ်တိုတိုဆွဲမပြီး မန်ကျည်းပင်အောက်တွင် ဝင်ထိုင်ကာ စပ်စုတော့၏။
"ဘာဖြစ်ရမလဲ နောက်ကျောကို ဓားနဲ့ အထိုးခံရတာဟဲ့"
"ဘာ!!!"
"ဖြေးဖြေးအော်ပါ ဘေဘီတီးရယ်။ ဒီမှာ ချော့လို့မရတဲ့ကြားက"
"ဘယ်သူလဲ ဘယ်ကောင်လဲ ရပ်ကွက်ရုံးချုပ်ကို သွားတိုင်ပေးမယ်"
"အမလေး... နင့်ဟာနဲ့နင်တောင် ရပ်ကွက်ရုံးက လွှတ်အောင်အရင်လုပ်ပါဦး"
ဘေးနားတွင် ထိုင်ချော့နေကြသည့် မလှထွေးရဲ့ သူငယ်ချင်းတစ်သိုက်က သူ့ကို စိတ်မရှည်တော့၍ အော်ငေါက်နေ၏။
"ဓားနဲ့အထိုးခံရတယ်ဆို... ဘာဖြစ်တာလဲ သေချာပြောကြပါလား"
"သစ္စာ အဖောက်ခံရတာဟေ့... "
"ဘယ်လို...သေတ္တာ အဖောက်ခံရတယ် ဟုတ်လား။ ဘာတွေပါသွားသေးလဲ မလှထွေး မနှစ်က မင်းအမေဝယ်ပေးထားတဲ့ ရွှေကြိုးကုံးရော အကုန်ပါသွားလား"
"အား!! ဘေဘီတီး နင်နဲ့တော့ ငါစိတ်မရှည်တော့ဘူး။ အသဲကွဲတာဟဲ့... မြို့ပေါ်က သူ့ကောင်လေး မင်္ဂလာဆောင်တော့မယ်တဲ့။ ဖိတ်စာပို့လာမှသိရတာ..."
"အီး...ဟီးး... ငါကတော့ ချစ်လိုက်ရတာ။ သစ္စာရှိလိုက်ရတာ ကိုမောင်ရဲ့ ရှင်ကတော့ ငါ့နောက်ကျောကိုရော ရင်ဝကိုရော ဓားနဲ့ထိုးသွားတာ။ လုပ်ရက်လှချည်လားဟ...အီး..."
ထိုအခါမှ ဘေဘီတီးတစ်ယောက်ခေါင်းကုတ်ပြီး သဘောပေါက်သွားတော့သည်။
"စိတ်ကိုချော့ မလှထွေး မင်းက ရွာရဲ့ ကွမ်းတောင်ကိုင်ပဲ ဒီလောက်လှတာ မင်းကို ကြိုက်တဲ့လူမရှားပါဘူး"
"ငါ့ကို ဘာမှလာမပြောနဲ့ ငါသူ့ကို တကယ်ချစ်ခဲ့တာဟ..."
"တစ်ရွာသူ ရည်းစားထားတော့ လွမ်းရတတ်တယ်တဲ့။ မင်းဟာကျမှ သစ္စာဖောက်ခံရတယ်လို့"
YOU ARE READING
မောင်ကြီးစကား မပါယ်လိုငြား
Fantasyမောင်ကြီးစကား၊ မောင်ကြီးသဘော အကုန်လုံး ဘေဘီတီး မပါယ်ပစ်ပါ။