နေက ရွာအနောက်ဖက် ကျွဲကြီးတောင်အား ကွယ်စပြုသည့်အချိန် ရွာလယ်ထဲက မချောလေးများရဲ့ ရေခပ်ဆင်းချိန်ဖြစ်သည်။ ဘေဘီတီးတို့ရွာ၌ နွေရာသီအချိန် ရေရှားသဖြင့် ရွာဦးဘုန်ကြီးကျောင်းနံဘေးက သပြေတွင်းရေကန်၌ ရေသွားခပ်ရ၏။
တချို့က အိမ်၌ မိုးရေလှောင်ရန် အုတ်ကန်များလုပ်ကြသော်လည်း အုတ်ကန်မလုပ်နိုင်သည့် အိမ်များက သပြေတွင်းရေကန်ကိုသာ အားကိုကြ၏။ ရွာဦးဘုန်းကြီးကျောင်းတွင်လည်း ရေငင်ကြသော်လည်း အခုလို နွေလယ်အချိန်ကျတော့ ဘုန်ကြီးကျောင်းကရေတွေ မခပ်ကြတော့။
သပြေရေကန်ဆိုတာ သပြေပင်တွေဝိုင်းဝိုင်းလည်ရှိနေသည့် ရေကန်ဖြစ်သည်။ ရွာဦးဘုန်ကြီးကျောင်းဝန်း နံဘေး၌ ရှိ၍ ရွာအလယ်တွင်ဖြစ်သည်။ ထို့ကြောင့် ရွာသူ၊သားများ ရေလာခပ်ကြရာတွင် အဆင်ပြေ၏။
မိုးရာသီအချိန်တွင်တော့ ရေခပ်စရာမလိုသော်လည်း သပြေတွင်းရေကန်သို့လာပြီး သပြေသီးခူးစားသလို အားကိုးမပါသည့် ပျိုမေကျတော့ သပြေသီးကောက်စားကြသည်။ ချစ်သူရည်စားများ ချိန်းတွေ့ကြသည့် နေရာလည်းဖြစ်၍ ကန်ထဲ၌ ကြာပန်းများပေါ၏။
"ညနေ နေရီနေရီ ရေခပ်ဆင်း... မောင်ကြီး ချစ်သူ ဖြူဖြူချောလှ စောင့်မျော်ချင်"
"အမလေ... သီချင်းစာသားကို မှန်အောင် အရင်ဆိုပါဦး ငတီးလေးရယ်"
"ဟယ်... ကျုပ်ဘာဆိုဆို ညည်းနဲ့ဆိုင်လား အမခြောက်"
"အခြောက်မပါ ဘေဘီတီး နင်နော် ငါခရမ်းသီးကျွေးလိုက်ရ"
"မစားပါဘူး။ စားစရာလား။ နေပါဦး ကျုပ်က မယ်ခင်ကိုလာစောင့်နေတာ ခင်ဗျားက ဘာဖြစ်နေတာလဲ ကိုကြီး သန်းနိုင်"
"ဟဲ့...ဖွဖွ အောက်ကဟာလှန်ကုန်တော့မှာပဲ ဘယ့်နှယ့် ကိုကြီးသန်းနိုင်လဲ။ ရှက်လိုက်ထှာ ရှက်လိုက်ထှာ သင်းသင်းလှိုင်လို့ခေါ်ပါ"
သန်းနိုင်က ဘေဘီတီးကို မချိုမချဥ်မျက်နှာဖြင့် မဲ့ရွဲ့ပြပြီး ပြောတော့၏။ ဘေဘီတီးကလည်း နူတ်ခမ်းမဲ့ပြီး ခေါင်းကုတ်လိုက်သည်။
"နေပါဦး ကိုကြီးသန်းနိုင် ဘယ်တုန်းက နာမည်ပြောင်းလိုက်တာလဲ"
YOU ARE READING
မောင်ကြီးစကား မပါယ်လိုငြား
Fantasyမောင်ကြီးစကား၊ မောင်ကြီးသဘော အကုန်လုံး ဘေဘီတီး မပါယ်ပစ်ပါ။