Unicode
" သား... သွားမယ်လေ "
Jiminအဖေက တစ်ခြားသူတွေကို နှုတ်ဆက်ပြီးနောက် တံခါးအဝတွင် ဘယ်ဘက်လည်တိုင်ကို ဘယ်လက်ဖြင့် အုပ်ကိုင်ထားကာ ဆူပုပ်ပုပ် ရပ်နေသော Jiminကိုသွားဖို့ ခေါ်သည်။ ထိုအခါမှ Jiminက နှုတ်ဆက်စကားဆိုသည်။
" ဟုတ် ... ဘွားဘွား ဦးဖေ ဒေါ်လေး မမ သားသွားတော့မယ်နော် "
Jiminက လူတိုင်းကို နှုတ်ဆက်ပြီးနောက် Jungkookကိုတော့ မျက်စောင်းထိုးကာ ချာခနဲ လှည့်ထွက်သွားလေသည်။ Jungkookက နှုတ်ခမ်းကို လက်သီးဖြင့် ကွယ်ကာ ကြိတ်ရယ်သည်။ တခစ်ခစ်ရယ်သံပင် ထွက်လာသဖြင့် တစ်ခြားသူတွေ သူကို ကြည့်လာကြမှ ချောင်းဟန့်ကာ မသိချင်ယောင်ဆောင်ပြီး အိမ်ထဲသို့ ပြန်ဝင်သွားလေသည်။
" သား... လည်ပင်းက ဘာဖြစ်လို့လဲ "
Doctor Park က ကားမောင်းနေရင်းမှ ဘေးထိုင်ခုံမှ သူ့သားကို လှမ်းကြည့်ကာ မေးသည်။ Jiminက လည်ပင်းကိုတစ်ချိန်လုံး ကိုင်နေသည်မှာ အခုထိကို မဖယ်သေးခြင်းကြောင့်ပင်။
" ဟင် ... ဟို... ဘာမှမဖြစ်ပါဘူး "
Doctor Park မေးမှ Jiminက လည်ပင်းကို ပိုဖိကာ မလုံမလဲ ငြင်းသည်။ Jiminဖုံးထားသော လည်ပင်းဘက်က သူ့အဖေဘက်ခြမ်းမှာဖြစ်သဖြင့် Jiminမှာပို၍ အခက်တွေ့နေလေသည်။ သူ့အဖေက သူ့သား အသည်းအသန်ကာကွယ်နေသော နေရာကို ကြည့်လိုက်ပြီး အသာပြုံးကာ ကားကိုသာ ဂရုတစိုက် မောင်းသည်။
Jiminဖုံးနေသော အရာကို သူက အစကတည်းက မြင်ပြီးသားပင်။ Jiminကားပေါ်စတက်ချိန် ခါးပတ်ပတ်လိုက်စဉ်က မြင်ပြီးသွားပြီပင်။ အခုက သိရဲ့သားနှင့် သူ့သားကို တမင်စချင်သောကြောင့် မေးလိုက်ခြင်းပေ။" လက်မညောင်းဘူးလားကွာ... လက်ချထားစမ်းပါ"
" မှန်းစမ်း... လည်ပင်းမှာ ဘာရှိနေလို့လဲ "
Doctor Parkကမီးပွိုင့်စောင့်နေချိန်တွင် သူ့သားကို ထပ်စပြန်၏။ ဒီတစ်ခါ လက်လှမ်းကာ Jiminလက်ကို ဖယ်ချရန် လုပ်လျှင် Jiminက အထိတ်တလန့် ရှောင်ကာ ကားပြတင်းပေါက်ဘက်ကပ်သွားလေသည်။
Doctor Parkကပြုံးကာ Jiminဆံပင်တွေကို ဆွဲဖွကာ ချစ်စနိုးဖြင့် ဆိုလေ၏။