Part 22

1.9K 134 0
                                    

"ညီ ဒီတစ်ပတ်ပိတ်ရက်ကျ ကိုယ်တို့ရုပ်ရှင်သွားကြည့်ကြမလား"

ကုတင်ပေါ်မှာ ခါးတစ်ဝက်လျှောထိုင်ပြီး ကျောနောက်ခေါင်းအုံးခုကာ နံရံကိုမှီ၍ထိုင်နေသောညီသုရှင်ကို ကုတင်ဘေးမှ စာလုပ်စားပွဲခုံတွင်ထိုင်နေသော မဟာဇံက လှမ်းမေးလိုက်သည်။ မဟာဇံကသာ ညီသုရှင်ဘက်ကိုမျက်နှာလှည့်ပြီး တရေးတယူမေးနေသော်လည်း ညီသုရှင်ကဖြင့် အဖတ်တောင်လှည့်မလုပ်။ ဖုန်းကိုကြည့်မြဲကြည့်နေဆဲ။ ဘာတွေကြည့်ပြီး ပြုံးစိစိလုပ်နေမှန်းလည်းမသိ။

"ညီ ကိုယ်ပြောတာကြားလား"

မေး‌သာမေးလိုက်တာ။ ညီ မကြားမှန်း သူသိပါတယ်။

"ညီ"

နောက်တစ်ကြိမ် အသံကိုမြှင့်ပြီးခေါ်လိုက်မှ ညီ့ပခုံးနှစ်ဖက်က ဆက်ကနဲတုန်သွားပြီး သူ့ဘက်ကိုလှည့်ကြည့်လာသည်။

"ဟင် ဘာလဲ ကိုဇံ"

"ဒီတစ်ပတ်ပိတ်ရက်ကျရင် ကိုယ်တို့ရုပ်ရှင်သွားကြည့်ကြမလားလို့ မေးနေတာ"

"ဪ ရုပ်ရှင်ကြည့်ဖို့လား... စနေနေ့ကျရင် ကျွန်တော် ကဗျာတို့နဲ့လျှောက်လည်ဖို့ ချိန်းထားတယ်ဆိုတော့ တနင်္ဂနွေနေ့တော့ ရမယ်ထင်တာပဲ"

"ဟင် စနေနေ့ ကဗျာတို့နဲ့လျှောက်လည်ဖို့လား ဒါဆိုကိုယ်လည်း..."

"မလိုက်ရပါဘူး ကျွန်တော့်သူငယ်ချင်းတွေနဲ့လျှောက်လည်မှာ ကိုဇံက ဘာလိုက်လုပ်မလို့လဲ။ ပြီးတော့ ကဗျာကသေချာမှာထားတယ်...နင့်ဘီးကြဲကိုခေါ်လာရင် သူမလိုက်တော့ဘူးတဲ့"

"အောင်မာ သူကများ အစ်ကိုကိုမလေးမစား ဘီးကြဲလေးဘာလေးနဲ့ သူနဲ့ငါ တွေ့မယ်"

ညီမဖြစ်သူနဲ့ ငယ်ငယ်တည်းက သူငယ်ချင်းပေါင်း,ပေါင်းလာ၍ ကဗျာဇံက သူ့အပေါ်ကြောက်ရွံ့ခြင်းမရှိ။ အဲ့လိုမရှိအောင်ဘဲ သူ့ညီမကို သူထိန်းကျောင်းခဲ့တာပင်။ အခုဆို သူနဲ့သူ့ညီမက သူငယ်ချင်းတွေလိုဖြစ်နေ၍ ဘာမဆိုပွင့်ပွင့်လင်းလင်းနှင့် တိုင်တိုင်ပင်ပင်ရှိလှသည်။ တစ်ခါတစ်လေဆို သူ့ညီမကပင် ဆရာကြီးဆိုဒ်နှင့် အစ်ကိုဖြစ်သူကို အကြံပေးတာတွေတောင်ရှိသေးသည်။ သူ့ကိုစနောက်တတ်သော သူ့ညီမကို သူတစ်ခါမှစိတ်မကွက်ခဲ့ဖူးပါ။

Forevermore {ယခုမှသည် နောင်ထာဝစဉ်}Opowieści tętniące życiem. Odkryj je teraz