ချယ်ရီမြို့လေး နွေးပါစေ
ဆောင်းမနက်ခင်းတွေဟာ
အေးစက်ခြင်းအငွေ့အသက်တွေ စီထားတဲ့
ပုလဲသွယ်တွေလိုပါပဲလား
ဘယ်ကိုပဲကြည့်ကြည့် ခပ်ဆိုင်းဆိုင်း
နှင်းငွေ့မြူမှုန်တွေကြီး
တောင်ပေါ်မြို့လေးမှာ မင်းတစ်ယောက်
နွေးထွေးနေပါရဲ့လားဘယ်စောင်ကိုဘဲ ခြုံခြုံ ငါ့ရင်ငွေ့လောက်
မလုံမှာတော့ အသေအချာပဲပေါ့
အနွေးထည်ထူထူဝတ်ပါ
ကော်ဖီခပ်နွေးနွေး သောက်ပါ
ဆင်ခြေလျှောလမ်းလေးတစ်လျှောက်
စက်ဘီးစီးတဲ့အခါ ငါဝယ်ပေးထားတဲ့
အပြာနုရောင်မာဖလာလေး ပတ်ထားဖို့
မမေ့ပါနဲ့
အမှတ်တရတွေကနေတစ်ဆင့်
မင်းကိုလှမ်းကာ ထွေးပွေ့ပေးပါရစေတမက်တမောငေးမောဖူးတဲ့
ချယ်ရီရောင် နှုတ်ခမ်းပါးလေးဟာ
အလွမ်းစကားတွေ ဆိုနေပြီလား
အကြည့်မဆုံရဲလောက်အောင်လှလွန်းတဲ့
မျက်ဝန်းညိုညိုတွေဟာ မျက်ရည်ဥတွေ
ဝေ့သီနေပြီလား
ဒီလူဆိုးဟာ ဟိုးအဝေးကနေ
မင်းကို တယုတယ စိတ်ပူတမ်းတ
ချယ်ရီကိုလည်းလွမ်းရ
မင်းကိုလည်းလွမ်းရ
နှလုံးသားဟာ မအားမလပ်ပါပဲကွယ်လွမ်းတဲ့စိတ်ကိုသိမ်းထုတ်လို့
နောက်ဆုံးအနေနဲ့ပို့တဲ့ စာလွှာပါ
ဒီနှစ်ရဲ့ဆောင်းလလယ်မှာ မြတ်နိုးသူမင်းရှိရာ ချယ်ရီမြို့ကို
အရောက်ပြန်လာခဲ့မယ်
မြေနီလမ်းလေးမှာ ကြိုစောင့်နေပေးပါငါရောက်လာတဲ့အခါ
မင်းကအပြေးလေးကြိုလို့
ဆောင်းတစ်ဝက်မှာ ကိုယ့်ရင်ငွေ့ကို
မင်းကလှုံပါ
နှလုံးသားတွေ နွေးပါစေ
ချယ်ရီမြို့လေး အလွမ်းတွေဝေးပါစေ...#RedTulip