ရိပေါ်က အိမ်ရှေ့တွင် ခါးထောက်၍ မတ်တပ်ရပ်နေသည်။ မျက်နှာက မဲ့ရှုံ့နေပြီး 'ဟွန့်'ခနဲ နှာမှုတ်လိုက်သေးသည်။
အကြောင်းမှာ နံနက်၈နာရီပင်ရှိသေးသော်လည်း နေပွင့်နေပြီး တိမ်မဲများကင်းစင်နေခြင်းကြောင့်ဖြစ်သည်။ အကယ်၍ ခြံထဲမှ ရေကွက်၊ ရေအိုင်များနှင့် ခေါင်မိုးတံဆိတ်မြိတ်မှာ ရေစက်ကလေးများ ရှိမနေလျှင် ညက မိုးသည်းကြီးမည်းကြီး ရွာထားတယ်ဆိုတာ ယုံနိုင်ဖွယ်မရှိ။ ရိပေါ်ဟာ တစ်ညလုံး ဂျပ်ပုံးတစ်ပုံးနဲ့ အလုပ်ရှုပ်နေခဲ့ပြီး မနက်၃နာရီလောက်မှ အိပ်ဖြစ်ခဲ့သည်လေ။ အခုလည်း နေပူနေတာကြောင့် ရေစိုသွားတဲ့ ပစ္စည်းတွေကို နေလှန်းပြီး အလုပ်ပိုရဦးမည်။
ချည်သားရှပ်အင်္ကျီအပြာရောင်ရယ် လေးထောင့်ကွက်လေးတွေပါတဲ့ဘောင်းဘီရှည်ရယ်ကို ဝတ်ထားတဲ့ ရိပေါ်က အိပ်ရေးမဝတာကြောင့် မှုန်မှုန်ကုပ်ကုပ်။ ဆံပင်တွေကလည်း ထိုးထိုးထောင်ထောင်ဖြစ်နေသေးသည်။ မနေ့က ဝယ်ခဲ့သည့် ပေါင်မုန့်တစ်ချက်ကို ပါးစပ်မှာ ကိုက်လို့ ဂျပ်ပုံးထဲက ပစ္စည်းတွေကို နေပူထဲထုတ်ရင်း စောစောစီးစီး အလုပ်ရှုပ်လို့နေသည်။
ပစ္စည်းအတော်များများ လှန်းလို့ပြီးသွားချိန်တွင်တော့ ဂျပ်ပုံးထဲတွင် ရိပေါ်တွေ့လိုက်မိသည်က သတင်းစာနဲ့ အထပ်ထပ်ပတ်ထားတဲ့ အထုတ်ကလေး။ သိချင်စိတ်ဖြင့် ဖြည်ကြည့်လိုက်တော့ Gasကုန်နေသည့် ရောင်စုံမီးခြစ်လေးတွေ ဖြစ်လို့နေတော့သည်။
-📦
လွန်ခဲ့သည့် ၁၅နှစ်ခန့်က.....
အရင်က ရိပေါ်ကိုအရိပ်တကြည့်ကြည့်နဲ့ ချစ်ပြီး အလိုလိုက်တတ်တဲ့ ကိုကိုက အသက်၁၆နှစ်မှာ ပြောင်းလဲ သွားခဲ့သည်။ ရိပေါ်ကို အဖက်မလုပ်တော့သလို စကားလည်း ကောင်းကောင်းမပြောတော့။ ကျောင်းသွားလျှင်လည်း ရိပေါ်ကိုစက်ဘီးတစ်စီးနဲ့ လွှတ်လိုက်ပြီး ကိုကိုကတော့ ကိုကို့ သူငယ်ချင်း လူပျိုပေါက်တွေနဲ့အတူ အုပ်စုလိုက်လမ်းလျှောက်သွားတတ်လာသည်။
၁၆နှစ်အရွယ်ကိုကိုက ၁၀နှစ်အရွယ် ရိပေါ်ကို ကလေးဆိုပြီး နှပ်ချချင်သည့် ပုံပေါက်လာသည်။
အဆိုးဆုံးကတော့ မာမားတို့ကို အခန်းခွဲပေးဖို့ အတင်းပူဆာခြင်းပင်။
YOU ARE READING
Meant to be [Completed ]
FanfictionXiao Zhan x Wang Yibo [Unicode Only] Gift for my Precious Hwan 🌸