<Unicode>
ခွန်းပ ရုတ်တရက်မိမိရပ်နေရာသို့တည့်တိုးနင်းလာသောစက်ဘီးကြောင့် လန့်သွားကာမြေပြင်ပေါ်တွင်ထိုင်ချရက်သား၊ ထိုကောင်လေးသည် ခွန်းပကိုတိုက်လုစဲစဲမှာဘရိတ်ကိုဆွဲညှစ်လိုက်ပေမဲ့ ပြင်းလွန်းတဲ့အရှိန်ကြောင့် မိမိ၏ညာဖက်ဒူးခေါင်းကိုပွတ်တိုက်မိသွားသည်။ သူ့ကြောင့်လဲချသွားရသည့်ခွန်းပအား အင်းမလှုပ်အဲမလှုပ်တောင်းပန်ခြင်းလည်းမရှိ၊ စက်ဘီးကိုလမ်းမဘက်သို့ပြန်လှည့်လျက်စောနကလိုဒယီးဒယိုင်ပင်မဖြစ်တော့ဘဲ ရှောရှောရှောရှူရှူပင်ဖြောင့်နေအောင်နင်းသွားသည်။မြေပြင်ပေါ်ကနေ ကပျာကယာကုန်းထပြီးထိုကောင်လေး၏စက်ဘီးနင်းကျွမ်းကျင်ပုံကို မျက်လုံးပြူးကာကြည့်နေမိသည်။ ဒါဆိုစောနကယိုင်တီးယိုင်တိုင်နင်းနေတဲ့ပုံစံကဘာကြောင့်များလဲ၊ တမင်တကာများဝင်တိုက်တာလား။ ထိုကောင်လေးအားခွန်းပမသိပေမဲ့ ကောင်လေး၏မျက်လုံးများကိုတစ်နေရာရာ၌မြင်ဖူးသလိုရှိသည်။ ကိုရဲသည် ခွန်းပရပ်နေရာသို့စက်ဘီးဝင်တိုးတာမြင်လိုက်၍ ပြေးလာခဲ့ပေမဲ့ခြေတစ်လှမ်းနောက်ကောက်ကျသွားသည်။ တောင်းပန်စကားပင်မပြောဘဲစက်ဘီးနင်းထွက်သွားသည့် ကောင်လေးအားမယဉ်မကျေးစွာငေါက်ငမ်းပြောဆိုလိုက်သည်။
"ကလေကချေကောင် တမင်သက်သက်ကိုဝင်တိုက်သွားတာ နောက်တစ်ခါထပ်တွေ့လို့ကတော့ မှတ်လောက်သားလောက်ကိုဆုံးမပစ်မယ်။"
ကိုရဲနဲ့စပြီးဖုန်းစပြောတည်းကနေအခုချိန်ထိ ကိုရဲ၏နှုတ်ကနေ ဤမျှမယဉ်ကျေးသည့်အပြောကိုမကြားဖူးသလို၊ မျက်နှာတစ်ခုလုံးတည်တင်းကာဒေါသထွက်နေပုံကိုလည်းမမြင်ဖူးခဲ့ပေ။ ခွန်းပအားဒေါသထွက်နေခြင်းမဟုတ်မှန်းသိပေမဲ့လည်း ရင်ထဲ၌တုန်ယင်မိသည်။ အမြဲတစ်စေ မည်သူကိုပဲဖြစ်ဖြစ်စကားပြောယဉ်ကျေးပြီးသဘောကောင်းသူသည် မိမိကြောင့်ဒေါသထွက်သွားဆိုသည့်အတွေးဖြင့်စိတ်မကောင်းဖြစ်သွားရသည်။
"ကျွန်တော်အဆင်ပြေတာမို့ ကိုရဲဒေါသမထွက်ပါနဲ့နော်။"
"ကိုယ်တောင်းပန်ပါတယ်၊ ခွန်း ကိုယ့်စကားကြောင့်လန့်သွားတာလား။"
ESTÁS LEYENDO
Welcome Home
Romanceမချစ်ဖူးတဲ့မင်းလေးကို အချစ်သင်ခန်းစာတွေသင်ပေးမှာပေါ့။ ခွန်းပ၏အရှေ့ကို စာအုပ်တချို့ ရောက်ရှိလာလေသည်။ ထိုစာအုပ်ခေါင်းစဉ်များမှာ 'ချစ်ရအောင်၊ ချစ်ခြင်းနည်း ၁၀၀၊ အချစ်ရေးနည်းအဖြာဖြာ စသည့်အချစ်စာအုပ်များဖြစ်သည်။ အရင်ဆုံး 'ချစ်ရအောင်'ဆိုတဲ့စာအုပ်ကို ကိုယ်...