Unicode
အချစ်ဟူသည် ရေကြည်ရာ၊မြက်နုရာ ပြောင်းရွှေ့ရှင်သန်နိုင်သော ဒေသမျိုးစိတ်တစ်ခုမဟုတ်။
ချစ်သက်မြွှာ၏ နှလုံးသည်းမြေမှာ အခြေချအမြစ်တွယ်နိုင်မှသာ ရှင်သန်နိုင်မည်။အဖြူရောင်လေးလို ရိုးရှင်းရမည်လား။
သက်တန့်လေးလို ပရိယာယ်ဆန်ဆန် အရောင်စုံရမည်လား။
သက်မြွှာကိုအပိုင်သိမ်းနိုင်ဖို့ မည်သို့မည်ပုံ လုံ့လစိုက်ထုတ်ရပါလိမ့်။ကောင်းကင်ယံမှာ လင်းလက်သည့်ကြယ်တစ်ပွင့်လည်းမဖြစ်ချင်။
လေဟုန်ဆန်ရင်း လွတ်လပ်သည့်ငှက်တစ်ကောင်လည်းမဖြစ်ချင်။
ရူးရူးသွပ်သွပ်သာ တောင်းဆုခြွေခွင့်ရမည်ဆိုလျှင် သက်မြွှာရဲ့ပါးပြင်လေးတွေမှာ ယှက်ဖြာနေသည့်သွေးကြောစိမ်းလေးတစ်မျှင်သာဖြစ်ချင်သည်။"ဟိတ်!
အရမ်းငြိမ်မနေနဲ့လေ"လက်ခုပ်နဲ့ ရေတစ်ချို့ကိုယူပြီး လှမ်းပက်မိတော့ အထိတ်တလန့်ဟန် မျက်လုံးလေးတွေကဝိုင်းကနဲ။
ရေစက်တစ်ချို့ တွဲခိုသွားသည့် မျက်နှာတော်လေးဟာလည်း လှရက်မြဲ။အဖြူရောင်အတွင်းဝတ်တစ်စုံသာဝတ်ထားသည့်သူက ချောင်းကမ်းဘေးစပ်မှာ ဒူးနှစ်ဖက်ကိုပိုက်ရင်း ထိုင်နေပုံက ထုပ်ထုပ်သိပ်သိပ်လေးဖြစ်သည်။
ပါးလွှလွှပုခုံးစွန်းလေးတစ်ဖက်မှာ ဝါးရွက်ခြောက်လေးတစ်ခုကလည်း ကပ်တင်နေသေးသည်။
လေနုအေးကြောင့် လေယူရာယိမ်းနွဲ့ချင်နေသည့် ကပိုကရိုစည်းနှောင်ထားသောဆံနွယ်တွေက တလွင့်တလွင့်။
နိစ္စဓူဝအဖြစ်အပျက်တွေဖြစ်ပါစေ အလှတရားလေးပါဝင်ရင် ပန်းချီကားတစ်ချပ်နှယ် မှတ်တမ်းတင်ချင့်စဖွယ်။"လာပါ ရေအတူတူချိုးရအောင်"
"အရင်ချိုးပါ
ပြီးမှကျွန်တော်ချိုးမယ်"ရှောင်းကျန့်က လှောင်ရယ်သံတစ်ခုကို ကျယ်ကျယ်လောင်လောင်ထွက်ပေါ်စေသည်။
တစ်ဖက်လူကြားနာဖို့ကိုလည်း ရည်ရွယ်သည်။"ကျွန်တော်ကရှက်လို့မဟုတ်ပါဘူး"
"သိပါတယ် ရိပေါ်ကမရှက်ဘူးဆိုတာ
ဒီလိုပါပဲ ရယ်စရာတွေးမိရင်းရယ်မိတာပါ"