Unicode"ဟွား"ဆောင်ကြာမြိုင်က မင်းနေပြည်တော်အခြေစိုက်ရာမြို့၌ အကျော်ကြားဆုံးဖြစ်သည်။
ရှိုက်ကြီးရင်ဖိုအသွယ်သွယ်နှင့်လှပျိုဖြူတွေက မမြင်ချင်မှအဆုံး။
ကုန်သည်တွေကစလို့ မှုးကြီးမတ်ရာတွေရဲ့အပန်းဖြေရာ။
မြို့မျက်နှာဖုံးအထက်တန်းစားလူတွေရဲ့ အသုံးတော်ခံရသည်က ဂုဏ်ယူစရာတစ်ခုလို။သည်ဆောင်ကြာမြိုင်ရဲ့ တံခါးဝကြီးမှာ ဧည့်ကြိုပျူငှာရသည့် အလှဆုံးပန်းလေးတွေက ဆေးဆိုးပန်းရိုက်မျက်နှာလေးတွေကိုဟန်ပါပါပြုံးလို့။
အေးချမ်းလှတဲ့ဆောင်းဒဏ်ကိုမမှု ရင်နှစ်လွှာကိုအလုံးစုံမဖော်ရုံတမယ် ပါးလွှသည့်အရောင်ရင့်ရင့်ဝတ်ရုံတွေကိုဆင်မြန်းထားသည်။
ဆေးပန်းချီရေးချယ်ထားသည့်ယပ်တောင်ကိုတဖျက်ဖျက်ခက်လျက် ဆွဲဆောင်မှုရှိသည့်ဟန်ပန်တွေကြောင့် လာရောက်သည့်ပုရိသတို့က အပြုံးတဝင့်ဝင့်။
နာမည်ကြီး"ဟွား" ဆောင်ကြာမြိုင်ကတော့ မိုးသောက်မှစ၍ သန်းခေါင်ယံအထိလူပျက်သည်မရှိ။ဆောင်ကြာမြိုင်ရဲ့အနောက်ဘက်ရှိ လမ်းကြားသေးသေးလေးက ရယ်သံတွေတလွှင့်လွှင့်ဖြင့်ပျားပန်းခတ်မျှလှုပ်ရှားနေသည့်အရှေ့တံခါးဝကြီးနှင့်လားလားမျှမသက်ဆိုင်။
သစ်သားတိုင်တွေကို စည်းရိုးအဖြစ်ခြံခတ်ထားပြီး အဝင်အထွက်ပြုလုပ်လို့ရသည့် သစ်သားတံခါးပေါက်က အရောင်မှိန်မှိန် ကျဉ်းမြောင်းမြောင်း။
အသုံးပြုကြိမ်များလွန်းခဲ့ပြီဖြစ်တာကြောင့် အဖွင့်အပိတ်တွေမှာ တံခါးပေါက်က တကျွီကျွီမြည်တမ်းသည်။
ကျွီခနဲအသံနဲ့အတူ လမ်းကျဉ်းမြောင်လေးဘက်ထွက်လာသည့်မိန်းမငယ်က ဆောင်ကြာမြိုင်ထဲကမိန်းကလေးတွေလို ရဲရဲတောက်အပြင်အဆင်နှင့် မိန်းမောချင့်စဖွယ်လှပသည်။"ကိုကို
ဟိုမှာ မမလင်းလာနေပြီ
သားပြန်တော့မယ်""ဖြေးဖြေးပြန်နော်
ယွမ်ယွမ်
ညနေလာကြိုရင်လည်း ဖြေးဖြေးလာ
ကိုကိုကစောင့်နေလို့ရတယ်""ဖြေးဖြေးနော်.!!"
ခပ်ပြင်းပြင်းထွက်ခွာသွားသည့်ခြေသံကြောင့် ရိပေါ်ကစိုးရိမ်တကြီးသတိပေးသည်။
ကလေးငယ်လေးတွေက မြင်းပေါက်လေးတွေလို ကဆုန်ပေါက်ပြေးလွှားရသည်ကို ကြိုက်နှစ်သက်သည်လားတော့မသိ။
ပြေးလွှားခြင်းနှင့် မအပ်စပ်သည့်ရိပေါ်က ဒီအပြုအမှုကိုအန္တရာယ်တစ်ခုလို ရင်ထိတ်တတ်လွန်းသည်။