01

5.6K 332 2
                                    

Unicode

ဤဆောင်းဟေမာန် မြောက်လေပြန်သည်။

ဆီးနှင်းတွေကြောင့် အသီးအရွက်ကင်းမဲ့သည့်သစ်ပင်တွေက အရိုးပြိုင်းပြိုင်း။
ရွက်မဲ့အကိုင်းတွေမှာ ကပ်တွယ်နေသောနှင်းပွင့်တွေက နေရောင်ခြည်ကြောင့် ရွှန်းရည်ရွှန်းလဲ့။
ရောင်ခြည်ဖျာရုံနှင့် မနွေးနိုင်သောဟေမာန်။
တဝှီးဝှီးတိုက်ခတ်နေသောလေရူးမှာလိုက်ပါသောနှင်းမှုန်တွေကမာန်ပြင်းပြင်း။

တသွင်သွင်စီးနေသော ချောင်းငယ်လေးက အငွေ့တထောင်းထောင်းထလျက်။
ချောင်းရေစီးသံနှင့်ယှဉ်လျက်နေသော ကျေးငှက်တွန်သံက သဘာဝရဲ့တေးသံသာဖြစ်သည်။
ချောင်းကမ်းဘေးမှာတည်ရှိနေသည့် ဝါးအိမ်ငယ်လေးရဲ့အဖော်က လေပြင်းနဲ့အတူယိမ်းနွဲ့နေသည့် ဝါးပင်စိမ်းတွေ။

ဝါးအိမ်ငယ်လေးက သပ်သပ်ရပ်ရပ်။
အိမ်ငယ်လေးရဲ့ကပ်လျက်မျက်နှာစာမှာ ကွပ်ပျစ်သေးသေးလေးတစ်ခု။
ဝန်းကျင်ရှိပြန့်ကျဲနေသောဝါးရွက်ကြွေတွေက ဟိုတစ်စသည်တစ်စ။

"ဟင်း...အေးလိုက်တာ"
ငြီးငြူသံသဲ့သဲ့မြည်တမ်းသည့် လူငယ်လေးက နွေးလိုနွေးငြား အဖြူရောင်ချည်ဝတ်ရုံပေါ်ကထပ်ဝည့်ထားသည့် ခြုံထည်ဖြူဖြူလေးကိုရင်ဘက်တွေအထိဆွဲစိသည်။
ကိုယ်လုံးသေးသေးကို တတ်နိုင်သမျှကျုံ့ရုန့်ရင်း လေပြင်းဒဏ်ကိုကြံ့ကြံ့ခံသည်။

အဖြူရောင်ဝတ်ရုံနှင့်ရောယှက်၍ရနိုင်သော အဖြူရောင်အရေပြားလွှာလေးတွေက ပန်းနုသွေးတွေစွန်းစွန်း။
နားရွက်ဖျားလေးနှစ်ဖက်၊နှာလုံးသွယ်လေးတစ်ခု၊လက်သည်းကြည်လေးတွေမှီခိုရာလက်ဖျားထိပ်လေးတွေမှာချယ်ရီတွေများဝေလေသလား။
ပန်းနုရောင်လေးတွေက ဆေးချယ်ထားပုံအလား လှလိုက်ပါဘိ။
ဖိနပ်ဖြူလေးတွေထဲမှာ သိမ်းထုပ်ထားငည့်ခြေထိပ်လေးတွေကရော ပန်းနုရောင်ချယ်သွေးဦးမည်လား။

နီးကပ်လာတဲ့ခြေသံလေးကြောင့် သလင်းကျောက်လေးက ခပ်ဖွဖွပြုံးသည်။
ဖြူစင်ကြည်လင်နေတဲ့လူငယ်လေးက မျက်စိအေးစေသောသလင်းကျောက်လေးတွေနဲ့လည်းတူသယောင်ရှိသည်။

GREY Where stories live. Discover now