အပိုင်း (၄)

29.2K 3.5K 41
                                    

"သားလင်းညို့ ... ဒါတွေထားလိုက်ပါ၊ တီလေး လုပ်လိုက်မယ် ၊ သားစာသွားကြည့်တော့၊ ကျောင်းပြန်တက်ဖို့က တစ်ပတ်ပဲလိုတော့တယ်၊ လေ့လာစရာရှိတာ လေ့လာ''

ဒေါ်စန္ဒာစေပိုင်တစ်ယောက် မီးဖိုခန်းထဲက ထမင်းဆိုင်အတွက် ချက်ပြုတ်နေရင်း လှမ်းအော်တယ်။ သူမက ''စေပိုင်'' ဆိုတဲ့ ထမင်းဆိုင် ဖွင့်ထားတယ်လေ။

တကယ်တော့ သူမက အရင်က ကျောင်းဆရာမတစ်ယောက်ပါ။ မြင့်မြတ်တဲ့ အသက်မွေးမှုနဲ့ ဝမ်းကိုကျောင်းရင်း အဖြူနဲ့အစိမ်းဝမ်းဆက်ကို ဂုဏ်ယူစွာ ဝတ်ဆင်ခဲ့တဲ့သူပါပေ။ သို့ပေမဲ့ ကံတရားက လှည့်စားခဲ့တယ်။

သူမရဲ့ အစ်မ ဒေါ်မေသူစေပိုင် ဆုံးပါးပြီး တူလေး လင်းညို့စေပိုင် အစောင့်အရှောက်မဲ့ ကျန်နေခဲ့တယ်။

တူလေးက car accident ကြောင့် နှစ်နဲ့ချီပြီး ပြန်လည်သက်သာအောင် ဆေးရုံမှာ နေခဲ့ရတယ်။ အစက ဆေးရုံစရိတ်ကို လင်းညို့ရဲ့ Bank account ထဲက ထုတ်ယူသော်လည်း နောက်တော့ ဒေါ်စန္ဒာစေပိုင်ဟာ ထိုသည်က ရေရှည်နည်းလမ်း မဟုတ်မှန်း နားလည်လာခဲ့တယ်။ လင်းညို့ရဲ့ ပိုက်ဆံက လင်းညို့ရှေ့ရေးရှိသေးတယ်လေ။

သူမခမျာ မိမိကို ကျောင်းစရိတ်ရှာထားပေးခဲ့တဲ့ အစ်မရဲ့ ကျေးဇူးကို ပြန်လည်ဆပ်ခွင့်ရပြီအောက်မေ့ကာ တစ်ဦးတည်းသော တူလေးကို ပျိုးထောင်ရန် ဆုံးဖြတ်လိုက်တယ်။

ပထမ သူမက အလုပ်က ထွက်ပစ်လိုက်တယ်။ ကျောင်းဆရာမ အလုပ်ရဲ့ ဝင်ငွေဟာ လင်းညို့ရဲ့ ဆေးကုသစရိတ်ကို ဘယ်လိုမှ မကာမိခဲ့။ တစ်ဖက်ကလည်း လင်းညို့ကို အချိန်ပြည့်ပြုစုမယ့်သူ လိုနေတယ်။ နေ့ပိုင်းတွေမှာ သူမအမေ၊ လင်းညို့အဘွား ဒေါ်မွန်စေပိုင်က ကြည့်ပေးသော်လည်း ညဘက်တော့ လိုသေးတယ်လေ။

ဤသို့ဖြင့် ဒေါ်စန္ဒာစေပိုင်ဟာ မိခင်ဖြစ်သူကို စောင့်ရှောက်ရင်း၊ တူဖြစ်သူကို ပျိုးထောင်ရင်း ဘဝကို မြှုပ်နှံထားတော့တယ်။

သူမက ထမင်းဆိုင်လည်းဖွင့်၊ အခြားစီးပွားရေးတွေလည်း လုပ်ရင်း အခြေအနေဟာ ပြန်လည်တိုးတက်လာခဲ့တယ်။ ကျိကျိတက် ကြွယ်ဝမနေတဲ့တိုင် အလယ်အလတ်မကသော အခြေအနေတော့ ရောက်လာခဲ့တယ်လေ။

Paradox (Complete)Where stories live. Discover now