အပိုင်း(၃၆)

21.6K 2.6K 84
                                    

လင်းညို့ စိတ်တွေ ရှုပ်ထွေးကာ သွပ်သွပ်ခါ ရူးချင်စိတ်တွေ ပေါက်နေတယ်။ အကြောင်းကတော့ သူ့ရဲ့ စာတမ်းကိစ္စပင်။

ခက်ခက်ခဲခဲ ခေါင်းစဥ်ကို ရွေးထားမိပြီး တကယ် research လုပ်ကြည့်တော့ အတော်လေး မလွယ်ကူတာကို သူသိလိုက်ရတယ်။ Reference books ဆိုလည်း အတော်လေး ရှာဖွေယူရအောင်အထိ နည်းပါးတော့ လင်းညို့မှာ ဘယ်ကဘယ်လိုစရမှန်းမသိ လမ်းပျောက်နေတော့တယ်။

Laptop တစ်လုံးရယ်၊ စာရွက်စာတမ်းဖိုင်တွေရယ်၊ စာအုပ်တွေရယ်နဲ့ စာရေးကိရိယာတွေရယ်ဟာ သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း နေတတ်တဲ့ လင်းညို့အခန်းမှာ ပွရှုပ်လို့နေတယ်။

"အား ... ရူးချင်တယ်''

လင်းညို့က သူ လိုရမယ်ရ မှတ်ဖို့ချထားတဲ့ A4 ဆယ်ရွယ်လောက် ထပ်ထားတာကို ဆုပ်ခြေပြီး လွှတ်ပစ်လိုက်တယ်။

အဆင်မပြေဘူး၊ တကယ်မပြေဘူး။

လင်းညို့ ဒီမှာနေလာတာ သုံးနှစ်ကျော်ပါပြီ။ မြန်မာပြည်ကို တစ်ခေါက်မှ မပြန်ဖြစ်ဘဲ တီလေးတို့၊ ဘွားတို့ကို ဖုန်းကနေပဲ ဆက်သွယ်ခဲ့တာ။

တစ်ခါတစ်လေတော့လည်း လင်းညို့ တော်တော် အထီးကျန်တယ်။ အိမ်ဟင်း၊ အိမ်ထမင်း အကျအန ချက်ပြုတ်တာ စားလာရသူက ဒီမှာ ဖြစ်သလိုစားသောက်နေရတာ သိပ်တော့ အဆင်မပြေပါ။

ဖျားနာရင် ကိုယ်တိုင် ဆေးခန်းသွားနိုင်ရင်သွား၊ မသွားနိုင်ရင် ခွေခေါက်နေရတာ အတော်လေး စိတ်ညည်းညူစရာ ကောင်းပါတယ်။

လင်းညို့ဆီကို ဦးလေးနေမျိုးသက်တင်နဲ့ ဒေါ်မာလာသက်တင်တို့က နိုင်ငံခြားလာဖြစ်ရင် ဝင်လာတတ်ကြတယ်။ အရွယ်ရောက်လာတဲ့ လင်းညို့က အရာရာကို ရင့်ကျက်စွာ နားလည်ထားပြီမို့လို့ သူ့အဒေါ်ကိုလည်း ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံပါတယ်။

သူမတို့ လာဖြစ်ရင် လင်းညို့အတွက် မြန်မာပြည်က စားစရာတွေ သယ်လာပေးတတ်တယ်။ အခုသူတို့ကလည်း မလာတာကြာတော့ လင်းညို့ခမျာ အစားအသောက်ကို ခံတွင်းမတွေ့ဖြစ်နေတယ်။

အမြဲတမ်း အိမ်ကိုပြန်ဖို့ နီးလာပြီဆိုပြီး အားတင်းထားပေမဲ့ အခုသူကျော်ဖြတ်ရမယ့် တောင်က အတော်လေး မြင့်နေတော့ စိတ်ဓာတ်တွေလည်း ကျမိပါတယ်။

Paradox (Complete)Where stories live. Discover now