1

292 16 2
                                    

"ငါနဲ့ လိုက်ခဲ့မယ်မလား..."

ဒီမေးခွန်းကို အကြိမ်ကြိမ် အမေးခံရတိုင်း သူ မဖြေနိုင်ခဲ့။ လည်ချောင်းတွေ ခြောက်ကပ်သလို စကားလုံးတွေ တစ်စို့နေခဲ့တယ်။ သူ့မျက်စိရှေ့က မေးခွန်းပိုင်ရှင်ရဲ့ မျက်ဝန်းတွေက မျှော်လင့်ချက်အပြည့်ဆိုပေမဲ့ ဒီမျှော်လင့်ချက်ကို သူရိုက်ချိုးရဦးမယ်... မဟုတ်ဘူး... ရိုက်ချိုးခဲ့တယ်ဆိုတာ သိနေတာကြောင့် နှလုံးသားက နာကျင်စူးရှလာတယ်။ သူ့ရှေ့က ပုံရိပ်ဟာ ပြည့်လျှံလာတဲ့ မျက်ရည်တွေကြောင့် ဝေးဝါးလာသလို မွန်းကြပ်လာတဲ့ ရင်ဘတ်က အသက်ရှူမဝတဲ့အဆုံးတော့ နာကျင်မှုတွေကနေ ရုန်းထွက်ဖို့ ကြိုးစားရင်း လွတ်မြောက်လာခဲ့တယ်။

မျက်ရည်တွေကြားထဲကနေ မျက်နှာကြက်ကို သူ မြင်နေရတယ်။ အိမ်မက်ဆိုးကနေ လွတ်မြောက်လာခဲ့တဲ့ သူဟာ နောင်တတရားတွေကနေတော့ မလွတ်မြောက်နိုင်သေးဘူး။ ချွေးတွေလည်း ရွဲနေသလို၊ နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ ရင်ဘတ်ကြီးကလည်း မောဟိုက်နေဆဲပဲ။ အတိတ်မှာ သူမဖြေနိုင်ခဲ့တဲ့ မေးခွန်းကို ၁၈ နှစ်လုံးလုံး အိပ်မက်ထဲထိ လာလာမေးခဲ့တဲ့ ၁၆ နှစ်ကောင်လေး။ ၁၈ နှစ်ကြာခဲ့ပေမဲ့ အိပ်မက်ထဲက ကောင်လေးက နုနယ်နေဆဲ။ သူ့နားမှာသာ အခုရှိနေရင် သူ့လို လူလတ်ပိုင်းအရွယ် လူတစ်ယောက်ရဲ့ ပုံစံမျိုးကို တွေ့ရနိုင်မလား။ အခုတော့ သူ့ရဲ့ ‌အတိတ်က ‌သူရဲ‌ဘောကြောင်မှုတွေက ချစ်သူကောင်လေးကို ၁၆ နှစ်အရွယ်မှာပဲ ရပ်တန့်စေခဲ့မိတယ်။

မျက်ရည်တွေကို သုတ်လိုက်ပြီး လက်ရှိပြန်ရောက်ဖို့ ကုတင်ဘေးက စားပွဲတင်နာရီကို လှမ်းကြည့်လိုက်တယ်။ မနက် သုံးနာရီ ထိုးနေပြီ။ အိပ်ယာက ထလိုက်ပြီး ကုတင်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ဝရံတာနားမှာ မှီရပ်လိုက်ပြီးနောက် ကောင်းကင်က လမင်းကြီးကို ငေးကြည့်တော့ သာနေဆဲ။ လျှံတက်လာတဲ့ အလွမ်းတွေကြောင့် ထပ်မံ ဝဲလာပြန်တဲ့ မျက်ရည်တွေကို ပုတ်ခတ် ပုတ်ခတ် ဖြေ‌ဖျောက်ရင်း ကောင်းကင်တစ်ဆုံး ငေးကြည့်နေမိတယ်။

အလွမ်းတွေနဲ့ နောင်တတွေက ဘယ်‌တုန်းကမှ ‌အရောင်မှိန် မသွားခဲ့ပေမဲ့ အိမ်မက်တွေထဲ ပါမလာတတ်တာတော့ ကြာပါပြီ။ နှစ်ကာလတွေ ကြာလာတဲ့အခါ လောကကြီးရဲ့ အယူအဆတွေ ပြောင်းလဲလာခဲ့သလို ဒီမြို့လေးဟာလည်း အတန်အသင့်တော့ ပြောင်းလဲခဲ့ပြီ။ ဒါပေမဲ့ အချို့အရာတွေကတော့ မပြောင်းလဲနိုင်သလို ဖြစ်ပြီးခဲ့တာတွေကိုလည်း ပြန်ပြောင်းလို့မရတော့ဘူး။ ဒီမြို့ကို ပြန်ရောက်တဲ့ ညမှာပဲ အိမ်မက်ထဲ ပြန်ရောက်လာတဲ့ ချစ်ဦးသူအပေါ်ထားတဲ့ နောင်တတွေလည်း ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။

Should I Say That I Love You Again?Where stories live. Discover now