စတင်တွေ့ဆုံခြင်း

4.3K 97 0
                                    


Unicode

ဧည့်ခန်းထဲတွင် ခေါက်ရိုးကျိုးနေပြီဖြစ်သော အင်္ဂလိပ်ဖတ်စာအုပ်ကို ဖွင့်ပြီး မေဦး ပျင်းတိပျင်းရွဲနှင့် စာပိုဒ်ကို ဖတ်နေသည်။

ဆောင်းဝင်နေပြီဖြစ်၍ ဒီအရပ်ရာသီဥတုက နေမဝင်ခင် ချမ်းစိမ့်နေပြီ။ အအေးမကြိုက်သော မေဦးအတွက် ဒီတောင်ပေါ်ဒေသလေးကို ပြောင်းလာရသည်မှာ သိပ်တော့ အဆင်မပြေလှပါ။ သဘာဝရှုခင်းတွေက လှပင်မယ့် မေဦးမှ လျှောက်မလည်ရပါ။

ခနနေဆို သုံးယောက်မြောက်သော guide ဆရာမ လာမယ်တဲ့။

အင်း.... ဒီကိုပြောင်းလာတဲ့ ငါးလအတွင်းမှာကို သုံးယောက်မြောက်.....

မေဦးကဆိုးလှသည်မဟုတ်ပါ။ မေဦးကိုယ်မေဦးသိသည်။ ဆရာမတွေက ခေါင်းမာလှသည်။ ဒုတိမြောက်ဆရာမဆို ကွက်လပ်ဖြည့်ဖို့ဒီအင်္ဂလိပ်စာပိုဒ်တွေကို အလွတ်ကျက်ခိုင်းသည်။ မေဦးမကျက်ချင် မှတ်မိအောင်ဖတ်ပြီး grammar အလိုက်ပဲ ဖြည့်ချင်သည်။ သူမ အလုပ်မထွက်ခင် ပြောသွားတာက မေဦးက ဒီနှစ်လဲ မအောင်နိုင်ဘူးတဲ့။
မေမေကတော့ မေဦးကို စိတ်ပျက်စပြုလာပြီ။ တစ်ဦးတည်းသော သမီးလေးကို ဆယ်တန်းအောင်စေချင်သည်။ သင့်ရာတက္ကသိုလ်တစ်ခုတတ်၍ နောင်ရေးစိတ်ချစေချင်သည်။ ဝန်ထမ်းသားသမီးမို့ ကိုယ့်ဘာသာရုန်းကန်တတ်ဖို့ အခြေခိုင်စေချင်သည်။

မေဦးတို့လောလောဆယ် ဝန်ထမ်းအိမ်ရာဝန်းထဲမှာနေကြသည်။ တစ်ထပ်တိုက်အိမ်လေး ဘေးမှာ ကွမ်းပင်နဲ့ စက္ကူပန်းပင်တို့ တစ်စုတစ်စုတွေ့ရတတ်သည်။ ဝန်ထမ်းအိမ်ရာကအမြင့်ပိုင်းမှာမို့ အောက်ဘက်ကိုလှမ်းကြည့်လိုက်လျှင် အမျိုးမည်မသိနိုင်သော အပင်များကိုမြင်ရသည်။ မှတ်တွေခြင်တွေပေါတာကလွဲ၍ ရာသီဥတုသာယာ အေးချမ်း​ပြီး နေချင်စရာကောင်းသော မြို့လေးဖြစ်သည်။

အိမ်ရှေ့က ဆိုင်ကယ်ရပ်သံကြားရသည်။ မေဦးရဲ့ တတိယမြောက် ဆရာမ လာပြီဖြစ်သည်။ မေဦးထမကြိုမိပါ။ အရင်နှစ်က ဖြေခါနီး ကျန်းမာရေးမကောင်းတာကြောင့် တစ်နှစ်ကျခဲ့သော်လည်း မေဦးစာမရသည့်ထဲမပါပါ။ အရင်ကျောင်းက သင်ထားသည်များက ခေါင်းထဲစွဲနေပြီဖြစ်သည်။မေမေခေါ်ထားသည့်ဆရာမများက သူတို့နည်းအတိုင်းပဲ ကျက်စေတွက်စေလိုသည်။မေဦးက မေးဦးသိခဲ့တဲ့နည်းအတိုင်းပဲ ကျက်ချင်တွက်ချင်သည်။ ထိုအခါအဆင်မပြေဖြစ်ရသည်။ ဒီတစ်ယောက်လဲ ဒီအတိုင်းပဲ ဖြစ်မယ်ဆိုတာမေဦးသိသည်။ ထို့ကြောင့်မေဦး အရေးတယူ ဂါဝရတရားထားပြီး မကြိုချင်တော့။ ထိုအစား စာအုပ်ထဲကိုသာ အာရုံစိုက်ဟန်ထားလိုက်သည်။

Ordinary ,First LoveWhere stories live. Discover now