Unicodeမေဂျာတွေကျလာတော့ ရူပဗေဒမေဂျာရသည်။ အစက ဆရာ့ကြောင့် လျှောက်မိပင်မယ့် မေဦးသေချာစဉ်းစားကြည့်တော့ မေဦး အင်္ဂလိပ်စာပိုဝါသနာပါသည်မို့ မေဂျာပြောင်းရန် စဉ်းစားမိသည်။ နော်ဖောက အဝေးသင်ပဲ တတ်ဖို့ ဆုံးဖြတ်ထားသည်မို့ မေဦး တစ်ယောက်တည်းဖြစ်စေသည်။ အဆောင်ကို နော်ဖောက သူရဲ့ အဒေါ် အပြင်ဆောင်ကို ညွှန်ပေးရင်း ကျောင်းကားဂိတ်နဲ့လဲနီး ထမင်းဆိုင်နဲ့လဲ နီး တိတ်ဆိတ်အေးချမ်းသည့်အတွက် မေမေလဲသဘောကျပြီး ထိုအဆောင်တွင်ပဲ နေဖြစ်သွားသည်။ စိတ်မကောင်းစရာက မေမေက မေဦးကို ပထမနှစ်အတွက် ဆိုင်ကယ်မပေးပဲကျောင်းကားစီးခိုင်းသည်။
အဆောင်ကိုပစ္စည်းတွေချပြီးနောက် အခန်းကိုလှဲကျင်း ပစ္စည်းတွေနေရာချရသည်။ မေမေက ကားနောက်ကျမှာစိုး၍ စောစောပြန်သွားသည်။ အခန်းဖော်မလေးက ဗမာဖြစ်သည်။သူလဲ ပထမနှစ်တတ်မည်ဖြစ်ပြီး ရူပဗေဒယူထားသည်။ သူမနာမည်က ဝင့်ဝါတဲ့။ အကုန်ရှင်းလင်းပြီးတော့ ချွေးတွေထွက်နေပြီမို့ ရေမိုးချိုးရန်ပြင်သည်။ မေဦးတို့အခန်းက အိမ်ဝင်ပေါက်ရဲ့ပထမဆုံးအခန်းဖြစ်တာကြောင့် အပြင်ရေချိုးကန်သွားဖို့ကို ရင်လျားနဲ့ထွက်ရန် တဘက်ခြုံပြီး ပြေးသွားရသေးသည်။ မေဦးတို့အဆောင်ရဲ့ မျက်နှာချင်းဆိုင်ကလည်းအဆောင်ငှါးသည်။ ထိုအရှေ့ဆောင်မှာ ကောင်လေးအချို့က သူတို့အသိကို လာတွေ့ဟန်ရှိသည်။ ကောင်လေးတွေရှိတာကြောင့် မနည်းပြေးထွက်လာရသည်မှာ မျက်နှာပူလှသည်။ ရေချိုးပြီးတော့ ခနကြာတော့ဝင့်ဝါထမင်းဟင်းသွားဝယ်ရန် တူတူသွားဖို့ခေါ်သည်။ အသက်တူတူခြင်းမို့ ပေါင်းရသင်းရမြန်သည်။ ကျောင်းသွားတော့ မေဦးက ၉ခွဲအတန်းချိန်မို့ ဝင့်ဝါနဲ့တူတူမသွားဖြစ်။ နောက်ကျမှ သွားဖြစ်သည်။ ထမင်းချိုင့်ထုတ်ပြီး တစ်ယောက်တည်းသွားရတော့ မျက်နှာငယ်လှသည်။ ကားပြေးလုတုန်းကလည်း ယောင်လည်လည်နဲ့ မနည်းပြေးလုရသည်။
အခန်းထဲရောက်တော့ အဆင်ပြေရာနေရာမှာထိုင်ပြီး ပထမအချိန်ကို ရင်ခုန်စွာစောင့်နေရသည်။ လူသစ်မျက်နှာသစ်တွေကအများကြီး။ မေဦးဘေးမှာ ပအိုဝ့်မလေး တစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်လာထိုင်သည်။ ပအိုဝ့်မလေးနာမည်က ဂျူလှိုင်မိုး နောက်တစ်ယောက်က ရတနာဖြစ်သည်။ ရတနာကလည်း မေဦးလိုပဲ physicsကနေ မေဂျာပြောင်းလာတာဖြစ်သည်။ ရတနာက ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ချစ်စရာလေးဖြစ်သည်။ ဂျူလှိုင်က အသားလတ်သည်။ စကားဝဲပြီး ဟထိုးသံမပါပဲပြောတာလေးကလဲချစ်ဖို့ကောင်းသည်။ ကျောင်းဆင်းပြန်မှာသိရတာက ဂျူလှိုင်မိုးက မေဦးတို့တစ်လမ်းအကျော်ကအဆောင်မှာနေသည်တဲ့။ နောက်နေ့တွေကစပြီး ဂျူလှိုင်နဲ့အတူသွားဖို့ အဖော်ရသွားသည်။