Unicodeအပြန်ကျ ဆရာက သူ့နောက်ကလိုက်ခိုင်းသည်။ တစ်လမ်းလုံးဆူလိုက်တာမှ တရစပ်... မေဦးအမေထပ်သူက ပိုပွါးသည်။ နောက်ပြီး အိမ်ကိုပါ တစ်ပါတည်းလိုက်ပို့ပါတော့သည်။ သနားစရာ နော်ဖောလေးခမျာ စေထူးနဲ့ နှစ်ပါးသွားမကရပဲ မေဦးဆိုင်ကယ်ကို ပြန်လိုက်ပို့ပေးရသည်။
အိမ်ရောက်တော့ ဆရာက အမေ့ကို အကျိုးကြောင်းပြောပြပေးသည်။ အမေက ယောက်ျားလေးတစ်ယောက်ရဲ့ အကျီကို ဝတ်ပြီးပြန်လာသော မေဦးပုံကို ကြည့်ပြီး သိပ်သဘောမကျချင်သော်လည်း ဆရာသေချာပြောပေးမှ စိတ်ကြည်သွားပုံရသည်။ဘာလိုလိုနဲ့ ရက်တွေက သင်္ကြန် နားနီးကပ်လာတော့သည်။ နော်ဖောပြောပြချက်အရ ဒီဘက်မှာ ရေဆော့တဲ့သူ နည်းသည်ဟုသိရသည်။ တောင်ငူမှာတော့ မဏ္ဏပ်များရှိသည်တဲ့။ မေဦးသွားလည်ချင်သော်လည်းအဖော်မရှိ သွားရမှာလဲ ဝေးတော့ ဖျားနိုင်သည်။ ဝေယံတို့ကတော့ အမျိုးအိမ်မှာ အိပ်ပြီး နှစ်ရက်လည်မည်ပြောသည်။ အမေတို့က လွှတ်မည်မဟုတ်။ သင်္ကြန်မရောက်ခင် ငါးရက်အလိုလောက်ကျတော့တောင်ငူကို စျေးဝယ်လိုက်ရသည်။ အချို့နေရာတွေမှာ မဏ္ဏပ်ထိုးပြီးပြီဖြစ်သည်။ သင်္ကြန်ပစ္စည်းရောင်းသည့်နေရာတွေရောက်ရင် လူက မရိုးမရွဖြစ်လာပြီ။ စျေးကြီးထဲမှာအမေစျေးဝယ်ပတ်သမျှ ခြေတိုအောင်လိုက်ရသည်။ မေဦးလို တောင်မြောက်မခွဲတတ်သည့် directional dyslexia တစ်ယောက်ကို
စျေးထဲမှာထားခဲ့လျှင် သေချာသည် တစ်နေကုန်ပြန်ထွက်နိုင်မည်မဟုတ်။ အစက တက္ကသိုလ်တတ်ရင် မော်လမြိုင်မှာတတ်ရင်ကောင်းမလား တောင်ငူမှာတတ်ရင်ကောင်းမလား ဝေခွဲမရဖြစ်ဖူးသည်။ ဖေဖေကတစ်လက်စတည်း တောင်ငူတက္ကသိုလ်ကိုပါခေါ်သွားပြတဲ့အချိန် တောင်ငူမှာပဲ နေတော့မည်ဟု မေဦးဆုံးဖြတ်ချက်ချလိုက်သည်။ မြို့နဲ့ ဝေးပြီး ရွာထဲမှာရှိနေသော တက္ကသိုလ်၊ သွားလာရလမ်းကြမ်းသော တက္ကသိုလ်ကို မေဦးဘာလို့သဘောကျသွားမှန်းမသိပါ။ ကျောင်းသားအနည်းစုနဲ့ ဆရာမများသာ တွေ့ရပြီး တက္ကသိုလ်ကြီးက တိတ်ဆိတ်နေသည်။ အပင်တွေက ရွက်ဟောင်းကြွေနေသည်။ မိုးရွာထားသေးသည်ထင် ပိတောက်ပန်းတို့ကလဲပွင့်ဖူးနေသည်။ ကျောင်းအဝင်လမ်းမှာ စိန်ပန်းတွေက နီရဲလျှက်။ ကျောင်းလာရာလမ်းမှာ ဘုရင့်နောင်၏ အောင်မြေရှိရာ ကောင်းမှုတော် စေကြီးတည်ရှိသည်။ ဘုရားပေါ်တွင် နှစ်ကာရှည်ပြီဖြစ်သော တရုတ်စကားပန်းပင်ကြီး နှစ်ပင်ရှိသည်။ အောင်မြေနင်းပြီး အန်တီမေနေကောင်းဖို့ရာ ဆုတောင်းပေးခဲ့သေးသည်။
အပြန်နောက်ကျပြီဖြစ်၍ ပသိချောင်းမဝင်ရ၍ မကျေနပ်။ အစိုးရကချပေးထားသော ကားလေးရှိနေသောကြောင့် စျေးဆင်းဝယ်ရအဆင်ပြေနေခြင်းဖြစ်သည်။ တောင်အောက်ဆင်းပြီး တောင်ငူကိုစျေးဝယ်သောကားများရှိသောလည်း ကားမူးသော မေဦးနဲ့ မေမေက မစီးနိုင်။ ဆိုင်ကယ်နဲ့လဲစိတ်မချကြ။ ကျောင်းတတ်ရင်တော့ မေဦး လွတ်လပ်ပြီဖြစ်သည်။