Unicodeနောက် ၃လဆို မေဦးနှင့် ကိုကို ချစ်သူသက်တမ်း ၅နှစ်ပြည့်တော့မည်။ ကိုကိုတစ်ယောက် ဝင့်ဝါ မင်္ဂလာဆောင်ပြီးကတည်းက မေဦးဆီ သိပ်မလာ....အလုပ်များနေသည်ဟုပြောသည်။ တခါတလေ လာရင်လည်း ခဏလေး စကားပြောပြီး ပြန်သွားတတ်သည်။မေဦးစိတ်ထဲ မတင်မကျဖြစ်ပင်မယ့် တမင်ပြသနာမရှာချင်တာမို့ မမေးပဲနေနေလိုက်သည်။ ကိုကိုနှင့်တူတူမရှိရတော့ ဒီရက်တွေထဲ အပြင်လည်း သိပ်မသွားဖြစ်...အလုပ်နှင့် အဆောင်ကလွဲ ဘယ်မှ မရောက်ဖြစ်တော့ပေ
" ကလေးမလေး အခုတစ်လော ညည်းချစ်ချစ်ကို မတွေ့ရပါလား "
နေ့လည်ဘက် လူရှင်းချိန် မျက်နှာချင်းဆိုင်က ကုန်စိမ်းရောင်းသည့် အန်တီက မေဦးကို လှမ်းမေးသည်။
" သူ အလုပ်များနေတာ အန်တီနွယ်ရဲ့ "
"အမလေးတော် အရင်ကဆို ချောင်းပေါက်အောင် လာတတ်တဲ့သူက အခုကျ အလုပ်များလို့ဆိုပြီး မလာဘူးပေါ့"
"သူတစ််ကယ် အလုပ်များနေလို့ပါ"
"ဟုတ်ပါပြီ ညည်းလူ ညည်းသိမှာပေါ့ ဒါနဲ့ ညည်းတို့ တွဲတာ ဘယ်လောက်ကြာပြီလဲ "
" ငါးနှစ်ပြည့်တော့မယ် အန်တီ"
" ငါးနှစ်တောင်ရှိပြီလား...နှစ်ယောက်စလုံး အလုပ်တွေလည်းအဆင်ပြေနေတာကိုယူဖို့ရော မစဉ်းစားသေးဘူးလား ညည်းတို့"
" အခုထိမတွေးထားသေးပါဘူး မေဦးလည်း ငယ်သေးတယ်လေ "
"ကြည့်လုပ်နော် ညည်းလူက ခပ်ချောချောရယ်"
" ဟုတ်ပါပြီ အပျိုကြီးရယ်"
သူမကို အပျိုကြီးဟုခေါ်လိုက်တာကြောင့် အန်တီနွယ်က မေဦးကို မျက်စောင်းလှလှ လှမ်းထိုးသည်။
မေဦး ဆိုင်ဖွင့်ခါစက ဘေးပတ်ဝန်းကျင်က စျေးသည်များနှင့် အလိုက်ထိုက်မရှိ၊ ကိုယ်ရေး ကိုယ်တာများပါ လိုက်စပ်စုနေသည်ဟု ခံစားရကြောင့် သိပ်စကားမ မပြောဖြစ်....နေရထိုင်ရခက်သည်။ နောက်ကျ မေဦး အပေါ့ပါးသွားချင်လို့ အိမ်သာပြေးရတာပဲဖြစ်ဖြစ်၊ အရေးကြီး ကိစ္စရှိလို့ ဆိုင်ဟောင်းလောင်းထားရတာပဲ ဖြစ်ဖြစ် သူတို့ ကူစောင့်ပြီးပေးတာမို့ မေဦး တစ်ယောက် အဆင်ချောရသည်။ ထို့ကြောင့် နောက်ပိုင်း ဆိုင်ဝန်းကျင်က စျေးသည်များနှင့် အဆင်ပြေအောင် ပေါင်းသင်းရာကနေ မိသားစုလိုဖြစ်လာခဲ့သည်။