Unicodeကိုယ့်အိမ် ကိုယ့်အိပ်ယာပေါ် ပြန်ရောက်၍လားမသိမေဦး မနက် နောက်ကျမှနိုးသည်။ ရာသီဥတုကလည်း ချမ်းစိမ့်နေတာကြောင့်လည်းပါမည်။ ပိုးတိုးလုံးလေး မေဦး အိပ်မှုန်စုံမွှားနဲ့ အိပ်ခန်းမှ ထွက်လာသည်။ မီးဖိုချောင်ထဲမှာ မေမေရဲ့ ငရုတ်ဆုံးထောင်းသံကြောင့် နေ့လည်စာချက်ဖို့ပြင်နေပြီဆိုတာ သိလိုက်ရသည်။
တစ်နေရာမှ ပြန်လာဟန်ရှိသော ဆရာ့မျက်နှာ မှာ အနည်းငယ် မှိုင်းညို့နေပုံ။ လက်ထဲမှာလဲ အထုတ်တစ်ထုတ်ကို ကိုင်ထားသည်။မေဦးကို တွေ့တော့ ဆရာ့မျက်နှာမှာ ကြည်လင်လာပြီး ပြုံးကာ
" Morning မေဦး နိုးတာကြာပြီလား "
မေဦး အိပ်ချင်မူးတူးနဲ့ ပါးစပ်လေးအုပ်ပြီး
"ခုနမှ နိုးတာ သွားတောင်မတိုက်ရသေးဘူး ဆရာ ဘယ်သွားတာလဲ "
" ကိုယ့် အမေ အုတ်ဂူဆီ သန့်ရှင်းရေးသွားလုပ်တာပါ"
" ဆရာက မေဦးကိုကျ မနှိုးဘူး မေဦးလည်းလိုက်မှာပေါ့"
ဆရာက မေဦး အနားကပ်လာပြီး ခေါင်းလေးကိုပွတ်သပ်ကာ
" မင်းက အိပ်ပုတ်နေတာကို " ဟု စနောက်သွားသည်။
မိသားစုစုံလင်တဲ့ ပိတ်ရက်ဆိုတာ ပျော်စရာပါ။ ချစ်ရတဲ့သူနဲ့ပါ တူတူရှိရတော့ ပိုပြီးပျော်ဖို့ကောင်းသည်ဟု မေဦးထင်သည်။
မနက်စာ ကော်ဖီ နှင့် ပေါင်မုန့်မီးကင်စားပြီး ဧည့်ခန်းထဲမှာ ဖတ်လက်စ ဝတ္ထုစာအုပ်ကိုဖတ်နေသည်။ အရင်ကဆို ဝတ္တုစာအုပ်တွေ ခိုးဖတ်ရပင်မယ့် အခုဆို အေးဆေးဖတ်လို့ရပြီ။ အရွယ်ရောက်လာ ကောင်းတယ်ပြောရမည်။ ရသင့်ရထိုက်သည့် လွတ်လပ်ခွင့်ကိုရသည်။
ဆရာနဲ့လည်း ဆရာတပည့် ဆက်ဆံရေးကနေ ချစ်သူဆက်ဆံရေးကို ပြောင်းလဲနိုင်ခဲ့ပြီ။
တစ်ချ်ိန် မေမေတို့ကိုပြောပြလျှင်လည်း ဆရာနှင့်သာဆို မေမေတို့သဘောတူလိမ့်မှာ သေချာသည်။ဖေဖေနဲ့ ကိုကိုကတော့ ခြံထဲ သီးပင်စိုက်ဖို့ကို တိုင်ပင်နေကြသည်။ ကိုကို့အမေဆီက ဝယ်ထားသည့် ခြံမှာ ဖာလာထည့်စိုက်ထားသော်လည်း အခု ဖေဖေက ဖာလာဖြုတ်ပြီး ဒူးရင်းထည့်ချင်သည်။