Unicodeဒီရက်တွေအတွင်း မေဦး ဆရာ့ကိုရှောင်နေမိသည်။ လူတစ်ယောက်ကို ချစ်မိနေကြောင်းသိရဖို့ကို ရုပ်ရှင်ထဲကလို စမ်းသပ်ချက်တွေ သူများပြောမှ သိရတာမျိုးတွေမရှိပဲ မေဦး ဆရာ့ပေါ်မထားသင့်သည့် စိတ်မျိုးထားနေမိကြောင်း မေဦးသိခဲ့သည်။အရင်ဆို အကြောင်းပြချက်မရှိ ဆရာ့အိမ်ကိုတစ်ပတ်ကို သုံးခါသွားနေကြ မေဦးဟာ မေမေ အန်တီမေ့အတွက် ဓာတ်စာပို့ခိုင်းသည်မှလွဲ၍ ဆရာ့အိမ်မသွားမိအောင်ရှောင်နေမိသည်။ ဘယ်လိုစိတ်မျိုးနဲ့ ဆရာ့ကို မျက်နှာချင်းဆိုင်ရမလဲ မေဦးမသိ။ မေဦးကို ယုံကြည်စိတ်ချပြီး စာသင်ခွင့်ပေးတဲ့ မိဘတွေကိုလဲ အားနာမိသည်။ နောက် ဆရာ.... ဆရာသာသိရင်မေဦးကို ဘယ်လောက်စိတ်ပျက်လိုက်မလဲ......
ဆရာလည်း မေဦး ဆရာ့ကို ရှောင်နေတာကို ရိပ်မိနေမယ်ထင်သည်။ အင်းလေ မေဦးကို စာသင်လာပေးတဲ့ဆရာပဲ.....
တစ်ရက် အန်တီမေ့အတွက် မေမေပို့ခိုင်းသည့် ကြက်သားစွပ်ပြုတ်ကို ပို့ပေးသည့်အခေါက်တွင် အန်တီမေက မေးလာသည်။"မေဦးဒီဘက်ကိုတောင် သိပ်မလာတော့ဘူး "
" မေမေ ခိုင်းနေတာလေးတွေရှိလို့ အန်တီမေ"
"သူ ရည်းစားရနေလို့နေမှာပေါ့ " ဂျိုင့်တွေလှယ်ပေးနေရင်း ဆရာက မေဦးကို လှမ်းငေါ့သည်။
"ဆရာကလည်း မဟုတ်ပါဘူး " ပြန်သာဖြေရသော်လည်း မေဦးမှာ မလုံမလဲ
"သားကလဲ ကိုယ့်တပည့်ကို အဲ့လိုမပြောနဲ့လေ"
"နောက်ပြီး မေဦး ရည်းစားထားမယ်ဆို အန်တီမေ့ဆီ ခေါ်လာပြ ကြားလား"
"မေမေ့" ဆရာက အန်တီမေ့ကို လှမ်းဟန့်လိုက်သည်။
" ဘာလဲ သားပဲ ခုနက ငေါ့နေပြီးတော့ " ဆရာက စကားကို ဖြတ်လိုက်ပြီး
"မေမေ စွပ်ပြုတ်တစ်ခါတည်း သောက်မလား သားနွေးပေးမယ်"
"မဆာသေးပါဘူးသားရယ် "
ဆရာ့အိမ်က ပြန်လာတော့ မေဦးရင်ထဲဟာနေသည်ဟု ခံစားရသည်။ ဆိုင်ကယ်မောင်းနေရပင်မယ့် မေဦးကို လေထဲမှာလွင့်နေသလို ဝမ်းနည်းနေသလို တန်ဖိုးကြီးတဲ့ အရာတစ်ခုကို ထားခဲ့ရသည့်ခံစားချက်မျိုး.....ရင်ထဲမှာ နင့်နေတဲ့ခံစားချက်မျိူး..... သူ့နာမည်လေးရွတ်မိဖို့ကိုမဝံ့ရဲတာမျိုး....သူ့အကြောင်းတွေမိတိုင်း ရင်ထဲမှာ ခုန်ပေါက်နေတာမျိုး..... ဆယ်ကျော်သက်တစ်ယောက်ရဲ့ အချစ်ဟာ ဆန်းကြယ်ပါတယ်။