ဘဝတွင် တစ်စက္ကန့်၏ တန်ဖိုးကို နားလည်သည့် အချိန် နှစ်ချိန်ရှိသည်။တစ် Plank ထောက်သည့်အချိန်၊ နှစ် Tutorial ကူးချသည့်အချိန်။
အချိန် နှင့် ဒီရေသည် လူကိုမစောင့် တဲ့ မှန်၏။
သို့သော် တီချယ်မူကတော့ ချမ်းကို မစောင့်မှာ ပိုသေချာသည်။ ကူးချရမည့် ပုံနှိပ်များ သည်လည်း အရှေ့၌ ထပ်ထားရသလို ဓာတ်ပုံရိုက် ယူ ထားဖို့ရာလည်း ဖုန်းမပြောနှင့် လွယ်အိတ်ပင် စာသင်ခုံထဲ၌ မရှိရ။
ဤသည်ကား ချစ်ရည်းစားနှင့် ခွာပြဲလာတိုင်း ထုတ်တတ်သည့် တီချယ်မူ၏ တစ်ချက်လွှတ် အမိန့်များပင်။
"ချမ်း ငါ့ကို ပြအုံး''
စာမရ၍ Date နှင့် Number တပ်နေသည်ကို မသိရှာသော ပုံ့ပုံ့သည် ချမ်းအား အားကိုးတကြီး လေသံ တိုးတိုးဖြင့် မေးရှာသည်။ချမ်း ကျေကျေနပ်နပ် ပြုံးလျက် ခုံနောက်သို့ ကျောကို ကပ်လိုက်သည်။
"ကြည့်ချင်လား''
"ကြည့်မလို့တောင်းတာပေါ့ဟ''
"ဆရာကြီး လို့ သုံးခါခေါ်ရင် ပြမယ်''
"အော် ကမကလည်း သေရေးရှင်ရေးပါဆို သောက်ရေးထဲမှ နင့်ဘ''
".......''
ချမ်းဘာမှ ပြန်မပြော။တိတ်ဆိတ်နေလိုက်သည်။စိတ်စောနေသော ပုံ့ပုံ့က မစောင့်နိုင်။
"ဆရာကြီး ဆရာကြီး ဆရာကြီး''
သိနေတယ်လေ။ဒီလိုပဲ ဖြစ်ရမယ်။
Tutorial စာအုပ်တွင် ငါလည်း မရဘူး ဟူသော စကားလုံးကို ကြီးနိုင် သမျှ ကြီးအောင်ရေးလျက် ပုံ့ပုံ့ မြင်အောင်ပြလိုက်သည်။
"အေ နင်လုပ်ထား နင်လုပ်ထား''
ရောင်းရင်းကောင်း ပီသလှသော နန္ဒာသည် သူတို့ကို လှမ်းကြည့်ရှာသည်။
ရလားဟု မျက် လုံးကို ဆတ်ခနဲ ဆတ်ပြကာမေး၏။
လက်မကို အောက်သို့ စိုက်လျက် ချမ်း ပြန်အချက်ပြလိုက်သည်။
မကြာမှီပင် နန္ဒာ၏ tutorial စာအုပ်သည် ချမ်းထံသို့ ရောက်လာသည်။ တစ်ယောက်တစ်ဆင့်ကူးရင်း က ချမ်းတို့ အလုပ်များနေကြသည်။