လူနှစ်ယောက်သာ ဝင်ဆံ့သည့် ဈေးလမ်းကလေးကို လျှောက်ဖို့ မနက် ခုနှစ်နာရီသည် အသင့်တော်ဆုံး ဖြစ်သည်။ကုန်စိမ်းကားပေါ်က ချ,စ ဟင်းသီးဟင်းရွက်များသည် နေရောင်နုနုအောက်တွင် အစိမ်းစိုဆုံးဖြစ် ၍ အလတ်ဆတ်ဆုံးကိုလည်း အေးဆေးရွေးယူနိုင်သည်။ ထို့ပြင် စျေးဦးပေါက်မို့ ဈေးချိုချိုနှင့်လည်း ရသည်။
“အသဲရေ ဟင်းရွက်တွေလတ်ချက်ပဲ ယူပါအုံးလား”
ဟုတ်ပါရဲ့ လတ်လွန်းတော့ ရွေးရပိုခက်တယ်။ ပန်းဂေါ်ဖီပဲ ဝယ်ရမလား၊ ခရမ်းသီး ဝယ်ရမလား။ပန်းဂေါ်ဖီနဲ့ ကြက်ဥကြော် ဒါမှမဟုတ် ခရမ်းသီးမီးကင်သုပ်။အင်း....မေမေက ခရမ်းသီးပိုကြိုက်တယ်။
“ရုံးပတီသီးတွေ နုရွပြီး ချိုနေတာပဲနော် ထည့်လိုက်မယ်”
ရပ်ကြည့်ရုံလေးနှင့် မဝယ်ရပါပဲ ရုံးပတီသီးသည် အိတ်ထဲရောက်သွားပြီဖြစ်သည်။သူများ ဈေးဦးပေါက်မို့ မယူဘူးပြောရမှာလည်း အားနာသည်။ စဥ်းစားကြည့်ရင် မေမေ့ကို အတို့အမြှုပ် မလုပ်ပေးရတာလည်း ကြာပြီလေ။
“ဟုတ် ခရမ်းသီးလေးပါ ထည့်ပေးရှင့်”
“အားးးး”
မြေပြင်တွင် လဲနေသော ကောင်လေးတစ်ယောက်...။ အကျနာသွားသည်ထင် ချက်ချင်းပြန်မထနိုင်။
ထိုကောင်လေးအား အပေါ်ကနေ ခပ်ထေ့ထေ့ ကြည့်နေသော နောက်ထပ် ကောင်လေးတစ်ယောက် ။တကယ်တမ်း ခပ်ထေ့ထေ့ ဆိုတာသည် ထိုကောင်လေး မျက်လုံးကို ကြည့်၍ မေပိုးဥ ခန့်မှန်းလိုက် ခြင်းသာ။
မျက်နှာကို mask အုပ်ထားသည့်အပြင် ဦးထုပ်လည်း စောင်းထားသေးသည်မို့ မျက်နှာထားကို လုံးလုံးလျားလျား မြင်ရတာမျိုးတော့မဟုတ်။
ကောင်လေး၏ အသံက ကျယ်သည်မို့ လူတွေ သူတို့နှစ်ယောက်နား ဝိုင်းအုံလျက်ရှိသည်။ ကောင်လေးသည် လဲကျနေသည့် ကောင်လေး လက်ထဲမှ ဖုန်းကို ဆတ်ကနဲ ဆွဲယူသည်။ ဟိုကမပေး မြဲမြဲမြံမြံ ဆုပ်ကိုင်ထားသည်။ ရင်ညွန့်ပေါ်သို့ ဒူးဖြင့်ထောက်လိုက်၍“သေချင်လား မလွှတ်သေးဘူးလား”
ဖုန်းထက် အသက်ရှုဖို့ အရေး လုံးပမ်းနေရသဖြင့် ဆုပ်ကိုင်ထားသည့် လက်ချောင်းတို့ အားဖျော့လာသည်။