ကောင်းကင်ပြာပြာသည် ကြည်တောက်နေသလောက် ရွှေရည်ပုံ့ ဦးနှောက်တွေကတော့မကြည်နိုင်။ ရှုပ်ထွေးနောက်ကြည့်သည့် ကြားမှ မနည်း စာတွေ ခေါင်းထဲရိုက်သွင်းနေရသည်။
ပုံ့ပုံ့ မေးသော ပုစ္ဆာကို ရှင်းပြနေသော်လည်း ကားသံကြားတိုင်း ချမ်း ခေါင်းက ထောင်ထောင်လာ သည်။
စိတ်ဝင်တစား နားထောင်နေသည့် ပုံ့ပုံ့က မသိသော်လည်း စာအုပ်ပိတ်ကာ ဟိုဒီငေးနေသည့် သန္တာက သူ့လိုပဲ အားနေသည့် နန္ဒာ့အား တံတောင်ဖြင့် တွတ်ကာ
“သူ ဘာဖြစ်နေတာလဲ”
“မြင်တာနဲ့ မသိဘူးလား
အချစ်ကို မျှော်နေတဲ့ မျက်လုံးတွေလေ”နားပါးသော ချမ်းသည် ကြားဖြစ်အောင် ကြား၏။ သူတို့ကို စူးကနဲ မောကြည့်ကာ စူပုပ်ပုပ်ဖြင့် ခေါင်းပြန်ငုံ့သွား၏။
“အဲ Condition က သိပ်မကောင်းသလိုပဲ”
“ပြောမရဘူးလေ တစ်အိမ်ထဲ အတူနေတဲ့
ကပြားမလေးနဲ့ ..”နန္ဒာက စကားကို ဆက်မပြေပဲ ရပ်လိုက်ကာ ချမ်းကို ကြည့်လိုက်၏။ စာရှင်းမပျက်သော်လည်း ချမ်း၏ အသံသည် သိသိသာသာတိုးသွားကာ သူနှင့် သန္တာပြောမည့် စကားကို နားစွင့်လျက် ရှိနေသည်။
“ဘယ်ကပြားလဲ အေးရိပ်လား”
“အေ”
“ဘာဖြစ်လို့လဲ အေးရိပ်နဲ့”
“မျက်လုံးခြင်း မင်းနဲ့ တွေ့ဆုံခိုက်
အချစ်များနဲ့ အားလုံးကိုယ် သိမ်းပိုက်”စပ်ဖြဲဖြဲနှင့် သီချင်းတစ်ကြောင်း အော်ဆိုကာ ချမ်းကို ကြည့်လိုက်သည်။ နန္ဒာသည် တမင် မီးလောင်ရာ လေပင့်နေတာပင်။ ချမ်း စိတ်မကြည်မှန်း သိသိနှင့် တမင် ဆွပေးနေသည်။
“နင် အရမ်းအားနေရင် တစ်မှတ်တန် မေးခွန်း
ထိုင်ကျက်နေပါလား”“အိုနေပါ မာစတာတန်းပါနေဦးမယ်”
အဖက်မလုပ်သလို ဟန်လုပ်နေသော်လည်း နန္ဒာ၏ လေပင့်မှုသည် ချမ်းကို သွေးစောင့်တက်စေ၏။ သို့သော်.. ခပ်မှန်မှန်လေး လိမ့်လာသော ကားတစ်စီးကို မြင်သည်နှင့် ချက်ချင်း အတွေးတို့ကို ချမ်း အရှိန်သတ်ပြစ်လိုက်၏။