အစည်းအနှောင်မဲ့သွားသော အရာသည် မေပိုးဥ၏ ဆံသားတို့ ဖြစ်ပါလျက် တကယ့်တကယ်တမ်း အထိန်းအချုပ်မဲ့သွားသည်က သူမ၏ နှလုံးသားဖြစ်သည်။
နီးနီးကပ်ကပ် မြင်လိုက်ရသည့် မျက်နှာနုနု ကြောင့် ပေါက်ကွဲထွက်လာသည့် ရင်ခုန်သံများ မမ ကြားသွားလျှင် ဆိုသည့် စိုးရိမ်စိတ်ဖြင့် မော့ကြည့်တော့မှ ခင်ချမ်းမြေ့က သူ့ကို အသေသတ်သည်။
သူ့ဆံပင်ကနေ ဖြုတ်ချသွားသည့် နေကြာပန်းပုံခေါင်းစည်းလေးဖြင့် ဆံနွယ်နုနုတို့အား ခပ်မြင့်မြင့် ချည်နှောင်လိုက်သည်။ပုံမှန်၌လည်း တောက်ပသည့် မျက်လုံးများတွင် ယခုအခါ စူးရှမှုတို့ ရှိနေသည်။
သွေးလှည့်ပတ်မှုကြောင့် ပန်းရောင်သန်းနေသော မျက်နှာနုနုလေးတွင် ဒေါသစွက်လိုက်သောအခါ ခပ်ရဲရဲလေးဖြစ်လျက် အကြည့်မခွာနိုင် ဖြစ်ရသည်။
သခင်၏ အလိုဆန္ဒကို ဆန့်ကျင်လျက် နားသယ်စနား၌ ကျန်ရစ်နေသော baby hair လေးများသည် လေအဝှေ့တိုင်း ပါးမို့မို့အား နမ်းရှိုက်လျက်ရှိသည်။"သွားပြီ ခင်ချမ်းမြေ့ ဆံပင်စည်းလိုက်ပြီ"
"ဒီနှစ်ရဲ့ ရွှေတံဆိပ်ကတော့ သေချာပေါက် ငါတို့မေဂျာပဲ"
"မချမ်း ဆံပင်စည်းလိုက်တာ ဘာြဖစ်လို့လဲ"
"မသိဘူးလား သူ ဆံပင်စည်းပြီး ဆော့ရင် မနိုင်တဲ့ ပွဲမရှိဘူး"
"အမှန်ပဲ ပစ်သွင်းသမျှ ဘောလုံးတိုင်း တစ်လုံးမှ မလွဲဖူးဘူး"
"နိုင်ချင်ရင် နှစ်နည်းပဲရှိတယ် တစ် ဘောလုံးကို ချမ်းဆီမရောက်စေနဲ့ နှစ် ပစ်သွင်းသမျှ ဘောလုံးတိုင်း ကို ရအောင်လိုက်ဖျက်ထုတ်"
"အဲ့လောက်တော်တာကို ဘာလို့ အစကတည်းက ဆံပင်မစည်းတာလဲ"
"ဆံပင်စည်းတယ်ဆိုတာ တစ်ဖက်အသင်းကို လုံး၀ စစ်ကြေညာတယ် အပြတ်အသတ် စိန်ခေါ်တယ်လို့ ဆိုလိုတာပဲ"
ချမ်းတို့ မေဂျာဖက်မှ ထွက်လာသည့် အသံများ။ တစ်ယောက်တစ်ခွန်း တီးတိုးပြောနေသံများအား ခင်ချမ်းမြေ့ ဂရုမစိုက်။သူ ဂရုစိုက်သည်က တစ်ခုသာ။သူ့ဆံရှည်လေးရဲ့ ထိခိုက်ရှနာမှုအတွက် တစ် ဖက်က ပြန်ပေးရမည့် လျော်ကြေးသည် ရွှေတံဆိပ်ဆု ဖြစ်သည်။