“တောင်းဆိုခဲ့တာ..အဲ့ကလေး နှင်းပိုးအိမ်က
မေပိုးဥကို ကာကွယ်ပေးဖို့”အေးရိပ်ထံမှ ထွက်လာသော စကားသည် သူ မျှော်လင့်မထားသည့် စကားပင်။ မေပိုးဥကို ပြန်ခေါ်သွားဖို့ သူ့ အဘွားက အခေါ်လွှတ်လိုက်တာလို့သာ ဒေါ်ငြိမ်းမေ တွက်ဆလိုက်မိတာ..
နောက်ပြီး သူ့အဘွားနဲ့ ထည့်ပေးလိုက်တဲ့ ကလေးက သူ ဖြစ်ခဲ့လို့.. နှင်းပိုးအိမ်က ဒေါ်ငြိမ်းမေကိုရော.. သူ့ရဲ့ အမေရင်းကိုရော မုန်းနေမယ်လို့ပဲ ဒေါ်ငြိမ်းမေ ထင်ခဲ့တာ။
သေချာပေါက် ခက်ခဲပြီး သာမန်မဟုတ်တဲ့ ဘဝမှာ ကြီးပြင်းရတော့မယ်ဆိုတာ သိသိနဲ့.. ထည့်ပေးဖို့ သူတို့ ဆုံးဖြတ်လိုက်ကြတာမလို့။
“ကာ..ကွယ်..ဖို့..
ဘာဖြစ်လို့လဲ မေပိုးမှာ ဘာဖြစ်လို့လဲ”အထစ်ထစ် အငေါ့ငေါ့စကားတွေနှင့် အတူ ကပ်ပါလာသည့် မေတ္တာတရားကို ခပ်ရေးရေးလေး မြင်ရတော့
“မနက်ဖြန် နေထွက်တာ မြင်နိုင်ဖို့အတွက်ဆို တခြားတစ်ယောက်ရဲ့ ဆည်းဆာကို ငါခိုးမှ ဖြစ်မယ်”
(ကိုယ်အသက်ရှင်ဖို့ သူများကို သတ်ရမယ်)
လို့ ပြောတဲ့ မျက်ဝန်းသေလေးသည် မှတ်ဉာဏ်ထက် ပြန်တိုးဝင်လာသည်။
“မေးတာဖြေပါဦး မေပိုးမှာ တစ်ခုခု ဖြစ်လို့လား”
သူ သက်ပြင်းဖွဖွ ချကာ သူ ရောက်လာရသည့် အကြောင်းအရင်းကို ပြောပြဖို့ ပြင်လိုက်သည်။
“မဒမ်.. မဟုတ်သေးဘူး မေပိုးဥ အဘွားရဲ့
ကျန်းမာရေးက ပိုပိုဆိုးလာပြီ
အဲ့တော့ လွန်ခဲ့တဲ့ နှစ် ၂၀ က
ကြွေရုပ်(မေပိုးဥ အမေရင်း)မှာ ဖြစ်သွားခဲ့သလို
အဖြစ်မျိုး.. ထပ်ပြီး ဖြစ်လာနိုင်တာပေါ့”ကြွေရုပ် နာမည်ကြားသည်နှင့် ဖြူဖျော့သွားသည့် မျက်နှာသည် သိသိသာသာ။
“မေပိုးဥကို ကြွေရုပ်ဆီ ပို့မယ်သူက..သူပဲလား”
“ဘယ်သူရှိနိုင်သေးလို့လဲ”
အေးရိပ်ကို လက်ကာပြကာ သူ့နားထင် သူဖိလျက်
“ခဏလေး..ငါ နားမလည်တော့ဘူး..”