Cashier ကောင်လေးသည် ရှစ်ရာပြန်အမ်းရန် အလုပ်ရှုပ်လျက် ရှိနေသည်။ ငါးရာတန်သည် အံဆွဲထဲတွင် ရှိသည့် အနိမ့်ဆုံး ရာတန်ပိုက်ဆံဖြစ်ပြီး တခြား အကြွေမရှိ။
"ညီမ တခြားမုန့်တစ်ခုခု ထပ်ယူလို့ရမလား"
အမ်းစရာ အကြွေမရှိ၍ ပြောမှန်းသဘောမပေါက်သော မေပိုးဥကလည်း 'မရဘူး' ဟု ပြတ်ပြတ်သား သား ငြင်းလေ၏။
ခေါင်းကုပ်လျက် စိတ်ရှုပ်သွားသော ကောင်လေးကို မြင်နေပါသော်လည်း ဒါ သူ့ကိစ္စမဟုတ်လား။
ပိုက်ဆံရှစ်ရာဆိုတာ မနက်စာ ခေါက်ဆွဲသုပ် သို့မဟုတ် ပဲပြုတ်တစ်ထုပ် ဝယ် လို့ ရသည့် ပိုက်ဆံမဟုတ်လား။ သရေစာ မုန့်ထုပ်တွေနှင့် မေမေ့ပိုက်ဆံအား အလကား မဖြုန်းတီးပစ်ချင်ပါ။
ဘတ်စ်ကားပေါ်မှ စူပုပ်ပုပ်မျက်နှာလေးအား မေပိုးဥ မြင်ဖြစ်အောင် မြင်လိုက်၏။ မမ..။
ဘတ်စ်ကားမှတ်တိုင်သည် စတိုးဆိုင်၏ မျက်စောင်း ထိုးနားလေးတင်မို့ အခုမှ မသွားလျှင် သူ မမှီလောက်တော့။
"ဒါဆို ခဏစောင့်နော် အကြွေရှာလိုက်အုံးမယ်"
"ဟို အကြွေမရှိရင် နောက်တစ်ခေါက်မှ ယူတော့မယ် အကြွေးမှတ်ထားလိုက်မယ်"တစ်ဖက်က ပြန်ပြောမည့် စကားကိုတောင် မစောင့် မေပိုးဥ အပြေးထွက်လာလိုက်သည်။
"မမ..."မမသည် ရပ်လျက် သူ့အား စောင့်၏။ ဒီတိုင်းလေးပဲ ရပ်နေတာတောင် ဘာလို့များ ဒီလောက် သဘောကျဖို့ကောင်းနေရတာလဲ။ မမ ရပ်စောင့်နေတဲ့ သူက အမြဲ ငါဖြစ်ရင် ကောင်းမယ်။
အကြိမ်တိုင်း ငါကပဲ အရင်ခေါ်မှာမလို့ မမက အမြဲ ငါ့ကို စောင့်နေပေးလို့ မရဘူးလား။
ညနေစောင်း မလို့လား သို့မဟုတ် နေများမကောင်းလို့လား မမ မျက်နှာသည် ခပ်ရဲရဲကလေး ဖြစ်နေသည်။ မမနှင့် ပက်သက်လျှင် အရာရာကို ထိန်းချုပ်နိုင်စွမ်းရှိပါသော်လည်း ထိုအထဲတွင် စိုးရိမ်စိတ်တို့တော့ မပါ,ပါချေ။
ကိုယ်,ကိုယ်တိုင်က သတိမထားမိလိုက်ခင်မှာပဲ မမ နဖူးအား စမ်းသပ်မိလျက်သား ဖြစ်သွားသည့် မိမိ၏ လက်တွေ...သေစမ်း အခု ငါဘာလုပ်လိုက်တာလဲ။