(Uni)
နိမ့်ကျပျက်စီးခြင်း၏ခေတ်
"ပြီးတော့ ဒီနေရာကတော့ ဧဒင်ဝန်ဆောင်မှုအကူအညီသဘောတူညီချက်ကို ပထမဆုံး လက်မှတ်ထိုးခဲ့တဲ့ နေရာပေါ့"
စကားပြောနေသော ဧည့်လမ်းညွှန်မှာ အရပ်မြင့်မြင့်၊ ညိုဝါရောင် ဆံနွယ်ကောက်များနှင့် လှပသော အမျိုးသမီးတစ်ဦးဖြစ်လေသည်။ သူ့ပုံစံမှာ ဘေးပတ်ဝန်းကျင်မှအခြားသူများနှင့် လုံးဝကို မကွာခြားနေပါလေ။ သူစကားပြောရာတွင် ထင်ရှားလှသော စက်ရုပ်အသံဖြင့် ပြောနေခြင်းကြောင့်သာ မဟုတ်ပါလျှင် သူသည် AI တစ်ခုသာဖြစ်ကြောင်း မည်သူမျှ ပြောနိုင်မည်မဟုတ်ပေ။
"ဧဒင်ကို တည်ထောင်လိုက်ခြင်းဟာ ကြယ်စင်သက္ကရာဇ်သစ်ရာစုနှစ်အတွင်းမှာ အရေးကြီးတဲ့ မှတ်တိုင်တစ်ခုဖြစ်တယ်။ အဖွဲ့ရဲ့တည်ရှိမှုက လူ့အဖွဲ့အစည်းကို ခေတ်သစ်ပြောင်းစေခဲ့ပြီးတော့ တို့ရဲ့ နေ့စဉ်ဘဝမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေကို သယ်ဆောင်လာပေးခဲ့တယ်"
ယနေ့၏ ဧည့်သည်များကား တူညီဝတ်စုံများ ဝတ်ဆင်ထားကြသော ဆယ်နှစ်အရွယ် ကျောင်းသားလေးများအုပ်စု ဖြစ်ပေသည်။ ကောင်လေးတစ်ယောက်က သူ့လက်ကိုမြှောက်လိုက်လျက် မေးလာလေ၏။
"မသင်မနေရ ပညာရေးလိုမျိုးလေ ဟုတ်တယ်မလား?""ဟုတ်တာပေါ့ကလေးရယ်"
ဧည့်လမ်းညွှန်က သဘောတူညီစွာ ခေါင်းညိတ်ချေသည်။ သူက လက်ကို မြှောက်လိုက်သည်နှင့် ခင်းကျင်းပြသထားသော ဖန်သားပြင်၏နောက်ကွယ်မှ အရာဝတ္ထုက ပျောက်ကွယ်သွားကာ အခန်းထဲမှ မီးများ မှိန်သွားတော့၏။ အသက်ဝင်လှသော သုံးဖက်မြင်ရုပ်ကြွပုံများမှာ ကလေးများ၏ ပတ်ပတ်လည်မှ တစ်ခုပြီးတစ်ခုပင် ထွက်ပေါ်လာပေသည်။"ကမ္ဘာဟောင်းရာစုနှစ်ရဲ့ နောက်ဆုံးပိုင်းကျမှ လူသားတွေဟာ အားလုံးအတွက်တူညီတဲ့ မသင်မနေရ ပညာရေးစနစ်ကို စတင်တည်ဆောက်ခဲ့တယ်။ အသက်ခြောက်နှစ်အရွယ်ကနေစပြီး ကလေးတွေဟာ ကျောင်းမှာ အခြေခံပညာရေးကို အနည်းဆုံးဆယ်နှစ်သင်ယူကြရတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ လူသားမျိုးနွယ်ဟာ စကြဝဠာတစ်ခွင်လုံး လေ့လာစူးစမ်းခြင်းခေတ်ကို ရောက်ရှိလာပြီးတော့ ဒုတိယမြောက်နည်းပညာခေတ်သစ်ပြောင်းမှု စတင်လာခဲ့တာကြောင့် ဒီစနစ်ဟာ မလုံလောက်တော့ဘူး။ အရမ်းကို အဆမတန် တိုးတက်လာတဲ့ သတင်းအချက်အလက်နည်းပညာတွေကို ကာမိဖို့အတွက် မသင်မနေရပညာရေးကို ၂၅နှစ်အထိ တိုးမြှင့်လိုက်ရတယ်။ အဲ့အချိန်တုန်းက ကျန်ရစ်ခဲ့တဲ့ များပြားလှတဲ့အချက်အလက်တွေအရ တို့တွေသိရတာကတော့ အရမ်းထူးချွန်တဲ့သူ ရာခိုင်နှုန်းနည်းနည်းလေးလောက်ပဲ မသင်မနေရပညာရေးစနစ်သစ်ရဲ့ သင်ရိုးတစ်ခုလုံးကို အောင်အောင်မြင်မြင် ပြီးအောင်တက်နိုင်ကြတယ်။ ကျန်တဲ့အများစုကြီးကတော့ ပညာရေးမှာရော စိတ်ပိုင်းဆိုင်ရာမှာတောင်မှပဲ ရုန်းကန်နေခဲ့ကြရတယ်။ ဒီလူတွေအများကြီးဟာ အဲ့အချိန်တုန်းက ဆေးပညာတွေနဲ့ ကုသလို့မရနိုင်လောက်အောင် ပြင်းထန်တဲ့ စိတ်ကျန်းမာရေးထိခိုက်မှုတွေနဲ့ စိတ်ဒဏ်ရာတွေပါ ရခဲ့ကြရတယ်။ ပိုပြီးပြင်းထန်တဲ့ အဖြစ်အပျက်တွေမှာဆိုရင် ကိုယ့်ကိုကိုယ်သတ်သေမှုတွေအထိပါ ရှိခဲ့တဲ့ မှတ်တမ်းတွေတွေ့ရတယ်"
YOU ARE READING
ချို့ယွင်းကုန်စည်များ/ ချို့ယွင်းကုန်စည်များ(Can Ci Pin - 残次品)MM Translation
Science FictionMM fan translation of author Priest's novel 《残次品》/ Imperfections/ The Defectives. All media included credit to rightful original owners. Year: 2017 Total chapters: 197 chapters + 6 extras Original novel link: http://www.jjwxc.net/onebook.php?novelid...