(Uni)
'အကြမ်းစားဂိုဏ်းစတားကြီး' နှင့် 'အာကာသဓားပြကြီး' တို့မှာ တစ်ဦးနှင့်တစ်ဦး အကြည့်တိုက်ပွဲ ဆင်နွှဲနေကြချေ၏။ အချိန်အတိုင်းအတာတစ်ခု ကုန်လွန်သွားပြီးနောက်တွင်မူ မည်သူ့ဘက်ကမျှ စတင်အလျှော့ပေးလာမည်မဟုတ်ကြောင်းကို နှစ်ယောက်သား သဘောပေါက်သွားကြလေရာ တစ်ဖက်လူသည် အမှန်တကယ်ပင် 'အကြမ်းစား'ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေသည်ဟူ၍ နှစ်ဖက်လုံးက ဆုံးဖြတ်လိုက်ကြတော့သည်။
နှစ်ယောက်လုံးထံမှ "ဟွန့်" ဟူသော မထီတရီနှာမှုတ်သံတစ်ချက် ထွက်လာပေ၏။
"ကျုပ်တို့အနေနဲ့ အဋ္ဌမကြယ်စုထဲက အရေးပါတဲ့ပုဂ္ဂိုလ်တွေအားလုံးကို ဖိတ်ကြားထားတာပဲ။ အခုဆိုရင် လူစုံတက်စုံနီးပါး အကုန်ရောက်နေကြပြီမို့ ခင်ဗျား နောက်ကျမှရောက်လာတာက 'ကြီးမြတ်တဲ့ကြွရောက်လာခြင်း'ဆိုတာမျိုးကို ပြချင်လို့ဖြစ်ရမယ်လို့ ကျုပ် ခန့်မှန်းရတာပဲ"'ဖိတ်ကြား'ခံရသူမှာ မိမိတစ်ဦးတည်းမဟုတ်ကြောင်း သိလိုက်ရပြီးနောက် ကျင့်ဟန်မှာ အနည်းငယ် အံ့အားသင့်သွားရလေသည်။ အဋ္ဌမကြယ်စုရှိ ဂိုဏ်းစတားများမှာ တရားဝင်အစိုးရအဖွဲ့ဝင်များ မဟုတ်ကြသော်လည်း အနှီ အသုံးမကျသည့် 'အစိုးရပုဂ္ဂိုလ်များ'နှင့် မလူးသာမလွန့်သာ ဆက်နွယ်မှုမျိုးရှိနေကြပြီး အာဏာပိုင်များလုပ်ဆောင်ရမည့် စီမံခန့်ခွဲရေးတာဝန်တို့ထဲမှ အများစုကို လုပ်ဆောင်ပေးနေကြရလေရာ လက်တွေ့၌ ထိုသူတို့သည် အမှန်တကယ်ကို 'အစိုးရ'ဖြစ်နေကြသည်ဟု ဆိုနိုင်ပါ၏။ ထိုသူတို့ထဲမှ အများစုသည် သူတို့အာရုံစိုက်ရမည့် ကိုယ်ပိုင်လုပ်ငန်းဆောင်တာများ ရှိနေကြသဖြင့် အဆိုပါ ကြယ်စုပြင်ပမှ အစိုးရဆန့်ကျင်ရေးဓားပြများနှင့် အမှန်စင်စစ် သံတမန်ဆက်ဆံရေးမျိုး တည်ဆောက်မထားကြချေ။
ရိုးရိုးသာမန်ဖိတ်ကြားချက်လေးတစ်ခုမျှဖြင့် ဤသူများကို ယခုကဲ့သို့ စုစည်းတွေ့ဆုံနိုင်ရန်အတွက် မလုံလောက်နိုင်လေရာ - ထိုဓားပြများအနေဖြင့် ပုံမှန်ထက်ပိုသော နည်းပရိယာယ်များကို သုံးထားခြင်းဖြစ်ရပေမည်။
ကျင့်ဟန်လည်း အိတ်ကပ်ထဲသို့ လက်နှစ်ဖက်လုံးထည့်လိုက်လျက် တမင်တကာ ပြောချလိုက်၏။
"အဲ့ဒါက 'ကြီးမြတ်တဲ့ကြွရောက်လာခြင်း' လား။ ဒါမှမဟုတ် 'ကြီးမားတဲ့စတေးမှုကြီး' များလား?"
ESTÁS LEYENDO
ချို့ယွင်းကုန်စည်များ/ ချို့ယွင်းကုန်စည်များ(Can Ci Pin - 残次品)MM Translation
Ciencia FicciónMM fan translation of author Priest's novel 《残次品》/ Imperfections/ The Defectives. All media included credit to rightful original owners. Year: 2017 Total chapters: 197 chapters + 6 extras Original novel link: http://www.jjwxc.net/onebook.php?novelid...