Chapter-9

509 66 12
                                    

(Uni)

ဩဝါဒခန်းမကြီးသည် ကြီးကျယ်ခမ်းနားလှကာ ဧရာမခေါင်မိုးခုံးမှာ အလွန်အသက်ဝင်လှသည့် ကောင်းကင်ယံပုံစံအဖြစ် ဖန်တီးအလှဆင်ထားလေသည်။ ကြည်လင်ပြာလဲ့သော ကောင်းကင်ကြီးအဖြစ်လည်းကောင်း၊ ကြယ်စင်အပေါင်းစုံလင်တောက်ပနေသည့် ဉာဉ့်ကောင်းကင်ယံကြီးအဖြစ်လည်းကောင်း နှစ်သက်ရာပုံစံအဖြစ် ပြောင်းလဲနိုင်ပေ၏။

မျက်နှာကျက်အလှဆင်ထားပုံ၏ ခမ်းနားထည်ဝါနေမှုနှင့် ဆန့်ကျင်လှစွာ အောက်တွင်ထိုင်နေကြသည့် ကျောင်းသားအပေါင်းတို့ကား ဤတင့်တယ်သည့်အလှတရားနှင့် လိုက်ဖက်လှပုံမရှိကြပါချေ။

ဖွင့်ပွဲအခမ်းအနားစတင်တော့မည့်အချိန်တွင် အထဲတွင်ရှိနေကြသည့်ကျောင်းသားအားလုံး ထိုင်ခုံအသီးသီးတွင်နေရာယူထားကြပြီးဖြစ်ကာ - အားလုံးပင် မိမိကိုယ်ကို သူရဲကောင်းကြီးများအဖြစ် ခံယူထားကြသော်လည်း စင်စစ်တွင်မူ သူတို့သည် 'ပြဿနာရှာကျွမ်းကျင်ဆရာကြီးများ'သာ ဖြစ်ကြပေသည်။ သူတို့အနေဖြင့် ဤနေရာသို့ရောက်လာကြသည်မှာ ကျောင်းတက်၍ပညာသင်ယူရန်ဆိုသည်ထက် သူခိုးကြမ်းပိုးဘဝကိုစတင်ရန်နှင့် ပိုတူနေတော့၏။

အနှီအစုတ်ပလုတ်သတ္တဝါလေးများ တစ်နေရာတည်းတွင် စုစည်းရောက်ရှိနေပြီဆိုသည်နှင့် အုပ်စုဖွဲ့ရန်ပွဲများ မလွှဲမရှောင်သာအစပြုလာရမည်သာ။

အရှေ့တောင်ဘက်ခန်းမဆောင်တွင် ထောင်ထောင်မောင်းမောင်းသန်သန်မာမာနှင့် ယောက်ျားလေးတစ်ဦးသည် အတွင်းဘက်ကျကျနေရာတွင်ရှိသော သူ့ကိုယ်ပိုင်ထိုင်ခုံတွင်ထိုင်ရန် ထိုနေရာအထိသွားရမည်ကိုပျင်းသည်နှင့် အခြားတစ်ယောက်၏ လျှောက်လမ်းနံဘေးခုံနေရာတွင် ဝင်ထိုင်ချလိုက်လေရာ မကြာမီအချိန်အတွင်းတွင်ပင် ရန်ပွဲတစ်ပွဲစတင်လာရလေ၏။ အခြားကျောင်းသားများသည်လည်း ထိုပြဿနာထဲဝင်ပါ၍ ကြုံတုန်းကြုံခိုက် ဝိုင်း၍ဆွမ်းကြီးလောင်းပေးကြသည်နှင့် အုပ်စုဖွဲ့ရန်ပွဲ၏ပြဿနာမှာ ကြီးသထက်ကြီးလာကာ ကျောင်းသားထုကြီးကား ထိုနေရာတွင်ပင် ပွဲကြီးပွဲကောင်းဆင်နွှဲ၍ စည်းကမ်းမလိုက်နာခြင်း၏ အထိမ်းအမှတ်ပြယုဂ်အဖြစ် သရုပ်ဖော်လျက်ရှိနေကြတော့သည်။

ချို့ယွင်းကုန်စည်များ/ ချို့ယွင်းကုန်စည်များ(Can Ci Pin - 残次品)MM TranslationTahanan ng mga kuwento. Tumuklas ngayon